AD
AD
AD

တစ်ညကြာ ပျောက်ဆုံးနေခဲ့တဲ့ သုံးနှစ်အရွယ် မိန်းကလေးငယ်နဲ့အတူနေကာ စောင့်ရှောက်ပေးခဲ့တဲ့ ခွေးအိုကြီးတစ်ကောင်ကို သြစတြေလျးရဲတပ်ဖွဲ့က ချီးကျူးခဲ့ပါတယ်။

အော်ရိုရာအမည်ရှိ မိန်းကလေးငယ်ဟာ ကွင်းစ်လန်းမှာရှိတဲ့ သူမရဲ့နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လိုက်လံရှာဖွေသူတွေက နေရာအနှံ့အပြားမှာ ရှာဖွေခဲ့ကြပါတယ်။

play


အဆိုပါ မိန်းကလေးငယ် နေအိမ်မှထွက်သွားစဉ်မှာ သူမရဲ့မိသားစုက မွေးမြူထားပြီး အသက် ၁၇ နှစ်အရွယ် မက်စ်လို့အမည်ပေးထားတဲ့ ခွေးအိုကြီးက လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

ခွေးတွေရဲ့သက်တမ်းဟာ ပုံမှန်အားဖြင့် ၁၀ နှစ်မှ ၁၃ နှစ် ဖြစ်ပေမဲ့ မက်စ်ဟာ ၁၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အမြင်နဲ့အကြားအာရုံ ချို့ယွင်းနေတယ်လို့လည်း သိရပါတယ်။ ခွေးအိုကြီးမက်စ်က မိန်းကလေးငယ်ကို ဆွေမျိုးတွေနဲ့ ရှာဖွေရေးသမားတွေ ပြန်ရှာမတွေ့ခင်အထိ ၁၆ နာရီကြာ ထိုမိန်းကလေးအနားမှာနေပြီး စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။

play


ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်ကို မက်စ်နဲ့အတူ စနေနေ့ (ဧပြီ ၂၁ ရက်) မနက်ပိုင်းမှာ တောင်စောင်းတစ်ခုအနီး ပြန်ရှာတွေ့ခဲ့ကြကြောင်း သိရပါတယ်။ အော်ရိုရာရဲ့အဘွား လီဆာမာရီယာဘင်နက်တ်က နေအိမ်နဲ့ တစ်မိုင်ကျော်ကျော် ဝေးကွာတဲ့နေရာကနေ မြေးဖြစ်သူရဲ့ အော်ခေါ်သံကို ကြားမိခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အသံကြားရာ တောင်စောင်းဆီသို့ လိုက်သွားခဲ့ရာ ခွေးအိုကြီးမက်စ်က သူမထံကို အရင်ရောက်လာခဲ့ပြီး အော်ရိုရာရှိနေတဲ့ နေရာသို့ လမ်းပြခေါ်ဆောင်သွားခဲ့ကြောင်း အဘွားဖြစ်သူ လီဆာက Australian Broadcasting Corp (ABC) သတင်းဌာနကို ပြောခဲ့ပါတယ်။

play


အသက်သုံးနှစ်သမီးလေး အော်ရိုရာနဲ့ ခွေးအိုကြီးမက်စ်တို့ဟာ ညဘက်အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယပ်သို့ ကျဆင်းလာခဲ့ရာ ကျောက်ဆောင်တစ်ခုအောက်မှာ ဝင်ရောက်ခိုလှုံနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အော်ရိုရာကို ပြန်ရှာတွေ့ချိန်မှာ ပြတ်ရှဒဏ်ရာအနည်းငယ်မျှသာ တွေ့ရပြီး ဘေးကင်းခဲ့ကြောင်း သိရပါတယ်။

ပျာက်ဆုံးသွားတဲ့ အော်ရိုရာကို အရေးပေါ်ဌာနဝန်ထမ်းများနဲ့ ကူညီသူများပါဝင်တဲ့ လူ ၁၀၀ ကျော်က ကွင်းစ်လန်းရှိ Southern Downs မှာ လိုက်လံရှာဖွေခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က မိန်းကလေးငယ်အနားမှ ထွက်ခွာသွားခြင်းမပြုဘဲ အတူနေခဲ့တဲ့ ခွေးအိုကြီးမက်စ်ကို ချီးကျူးခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ပေးခဲ့ပါတယ်။

 

"အသက်သုံးနှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ ညဘက်မှာ ကြောက်ရွံ့ထိတ်လန့်ပြီး ရာသီဥတုအအေးဒဏ်ကို ခံစားရမှာပါ၊ မက်စ်က သူမအနားမှာ ရှိနေခဲ့တာကြောင့် မိန်းကလေးငယ်အတွက် စိတ်သက်သာရာရပြီး နွေးထွေးမှုလည်း ဖြစ်စေခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ စုံစမ်းရေးမှူး ခရိတ်ခ်ျဘယ်ရီက ပြောခဲ့ပါတယ်။

ခွေးအိုကြီးမက်စ်က မိန်းကလေးငယ် ဒုက္ခရောက်နေတာကို ခံစားသိရှိခဲ့ပြီးနောက် သူမနဲ့အတူ နေခဲ့တာဖြစ်တယ်လို့ တိရိစ္ဆာန်အပြုအမူဆိုင်ရာ ကျွမ်းကျင်သူ ဆစ်ဒနီတက္ကသိုလ်မှ ပါမောက္ခ မက်ဂရီဗီက ပြောပါတယ်။

"တစ်ကယ်လို့ မိန်းကလေးငယ်က ငိုနေခဲ့မယ်ဆိုရင် ခွေးက သူမ စိတ်သက်သာစေမယ့် ပုံစံမျိုးနဲ့ တုံ့ပြန်နေထိုင်ပါလိမ့်မယ်၊ သူမအနားမှာပဲနေပြီး ဘယ်ကိုမှထွက်မသွားတာမျိုးပေါ့" လို့ ၎င်းက ရှင်းပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD