AD
AD
AD

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို အဂတိလိုက်စားမှုဖြင့် မတ်လ ၂၂ ရက် ညပိုင်းမှာ ဖမ်းဆီးထိမ်းသိန်းလိုက်ပြီး ၎င်းဟာ ရာဇဝတ်မှုအရ ဖမ်းဆီးခံရတဲ့ သက်ရှိထင်ရှားရှိနေဆဲ စတုတ္တမြောက် တောင်ကိုရီးယားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။

play
သမ္မတဟောင်း လီမြောင်ဘတ်ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်


စီးပွားရေးလုပ်ငန်း အကြီးအကဲမှ သမ္မတဖြစ်ခဲ့သူ အသက် ၇၆ နှစ်အရွယ် လီမြောင်ဘတ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးမှု၊ အလွဲသုံးစားပြုမှုနဲ့ အခွန်တိမ်းရှောင်မှု အပါအဝင် စွဲချက်များဖြင့် ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြခဲ့မှုအရ အနက်ရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားတဲ့ လီမြောင်ဘတ်က နေအိမ်မှထွက်လာပြီး ၎င်းရဲ့ လက်ထောက်ဟောင်းတွေကို လက်ဆွဲနှုတ်ဆက်ပြီး မှန်အမည်းရောင်များ တပ်ဆင်ထားတဲ့ ကားတစ်စီးအတွင်း ဝင်ရောက်သွားတာ တွေ့ရပါတယ်။

play
နေအိမ်မှထွက်လာသည့် သမ္မတဟောင်း လီမြောင်ဘတ်


ထို့နောက် အဆိုပါကားဟာ ရဲတပ်ဖွဲ့မော်တော်ဆိုင်ကယ်များ ဦးဆောင်ခြံရံပြီး ဆိုးလ်မြို့အရှေ့ပိုင်း အကျဉ်းထောင်အတွင်း ဝင်ရောက်သွားခဲ့ပါတယ်။ "ကျွန်တော် တခြားသူတွေကို အပြစ်မတင်ပါဘူး၊ အားလုံးက ကျွန်တော့်အမှားတွေပါ၊ ကျွန်တော် နောင်တရမိပါတယ်" လို့ လီမြောင်ဘတ်က လက်ရေးဖြင့်ရေးသားထားတဲ့ ထုတ်ပြန်ချက်မှာ ပြောထားတယ်လို့ ဆိုပါတယ်။

"ကျွန်တော် အဖမ်းခံရမှုအပေါ် ကျွန်တော့်မိသားစုဝင်တွေနဲ့ အတူတကွ အလုပ်လုပ်ခဲ့ကြသူတွေ ခံစားရသမျှ လျော့ပါးစေဖို့ပဲ မျှော်လင့်ပါတယ်" လို့လည်း လီမြောင်ဘတ်က ပြောပါတယ်။ သမ္မတဟောင်း လီမြောင်ဘတ်ကတော့ ၎င်းအပေါ် စွပ်စွဲထားမှု အများစုကို ငြင်းဆိုထားကြောင်းလည်း သိရပါတယ်။

play
လီမြောင်ဘတ်နှင့် ဇနီး


သမ္မတဟောင်း လီမြောင်ဘတ်ကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ အကျဉ်းသားအမှတ်စဉ်တပ်ထားတဲ့ ဝတ်စုံဝတ်ဆင်စေပြီး ၁၁၈ ပေပတ်လည်ရှိတဲ့ သီးသန့်အကျဉ်းခန်းမှာ ထားရှိသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်ကပြောပါတယ်။

သမ္မတဟောင်းလီမြောင်ဘတ်ကို ဖမ်းဆီးမိန့်အား မတ်လ ၂၂ ရက် မနက်ပိုင်းမှာ တောင်ကိုရီးယား ဗဟိုခရိုင်တရားရုံးက ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ လီမြောင်ဘတ်ကို ဖမ်းဆီးခြင်းမပြုမီ မတ်လ ၁၅ ရက်မှာ အစိုးရရှေ့နေတွေက ဆင့်ခေါ်မေးမြန်းမှု ပြုလုပ်ခဲ့သေးကြောင်းလည်း သိရပါတယ်။

play
အစိုးရရှေ့နေရုံးမှာ ပြန်ထွက်လာသည့် လီမြောင်ဘတ် (မတ်လ ၁၅)


ထိုသို့ မေးမြန်းပြီးနောက်မှာ ဆိုးလ်မြို့ရှိ အစိုးရရှေ့နေရုံးရဲ့ စုံစမ်းစစ်ဆေးရေးဌာနက သမ္မတဟောင်း လီမြောင်ဘတ်ကို ဖမ်းဆီးထိန်းသိမ်းရန်အတွက် တရားရုံးထံမှ ခွင့်ပြုချက်တောင်းခံထားကြောင်း ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ သမ္မတဟောင်း လီမြောင်ဘတ်ကို မဖမ်းခဲ့ရင် သက်သေအထောက်အထားတွေကို ပျောက်ဆုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်" လို့လည်း အဆိုပါ အစိုးရရှေ့နေက ပြောခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ဟာ ၎င်းကို စွပ်စွဲထားတဲ့ စွဲချက်အားလုံးမှာ ပြစ်မှုထင်ရှားခဲ့ပါက ထောင်ဒဏ် ၄၅ နှစ်အထိ ကျခံရနိုင်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သမ္မတဟောင်း လီမြောင်ဘတ်ကို စွပ်စွဲထားမှုအချို့

- ၂၀၀၉ ခုနှစ်က အခွန်တိမ်းရှောင်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတဲ့ ဆမ်ဆောင်းဥက္ကဋ္ဌ လီကွမ်ဟီးကို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ထိုကုမ္ပဏီထံမှ လာဘ်ငွေရယူခဲ့မှု။

- သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း အစိုးရက ဘဏ္ဍာရေးထောက်ပံ့ထားတဲ့ ဘဏ်လုပ်ငန်းအုပ်စုရဲ့ အကြီးအကဲဟောင်းထံမှ ရာထူးနေရာအတွက် ဒေါ်လာသန်းနဲ့ချီ လာဘ်ငွေရယူခဲ့မှု။

- အစိုးရထောက်လှမ်းရေးဌာနမှ အမေရိကန်ဒေါ်လာတစ်သိန်း လက်ခံရယူခဲ့မှု။

- ဆွေမျိုးများအမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မော်တော်ယာဉ်ပစ္စည်းကုမ္ပဏီနဲ့ ပတ်သက်ပြီး ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်ခဲ့မှု။

ဖမ်းဆီးစွဲချက်တင်ခံ၊ ထောင်ချခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်းများ

- သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာလည်း သူမရဲ့ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ဖမ်းဆီးခံထားရပြီး တရားရုံးမှာ ကြားနာစစ်ဆေးနေဆဲဖြစ်ကာ အစိုးရရှေ့နေတွေက ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ရန် တင်ပြထားကြောင်း သိရပါတယ်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာ စွဲချက် ၂၁ ခုဖြင့် ရင်ဆိုင်နေရပါတယ်။

play
ထောင်ဒဏ်ကျခံခဲ့ရသည့် ရိုတေဝူးနှင့် ချန်ဒူးဝမ်


-  တောင်ကိုရီးယားမှာ ၁၉၈၀ ပြည့်လွန်မှ ၁၉၉၀ ပြည့်လွန်နှစ်များအထိ သမ္မတတာဝန်ယူခဲ့ကြသူ စစ်တပ် ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ချန်ဒူးဝမ်နဲ့ ရိုတေဝူးတို့ဟာလည်း သမ္မတရာထူးမှ အနားယူခဲ့ရပြီးနောက် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း အဂတိလိုက်စားမှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂ နှစ်ကြာ ထောင်ဒဏ်ကျခံရပြီးနောက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

- တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကိုဖမ်းဆီးရန် အစိုးရရှေ့နေများ စီစဉ်

- တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး မေးမြန်းရန်ဆင့်ခေါ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD