AD
AD
AD

ထိုင်ဝမ်လေတပ်မှ F-16 တိုက်လေယာဉ်တစ်စီး စစ်ရေးလေ့ကျင့်မှုအတွင်း တောင်တန်းထူထပ်တဲ့ဒေသမှာ ယနေ့ (ဇွန်လ ၄ ရက်) ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

play
တိုက်လေယာဉ်မှူး ဗိုလ်မှူးဝူယန်တင်း


တိုက်လေယာဉ်ဟာ ပျံတက်သွားပြီးနောက် ၃၄ မိနစ်အကြာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်အချိန် ထိုင်ဝမ်အရှေ့မြောက်ပိုင်း ကီးလန်းဒေသရှိ တောင်တန်းများရှိရာ ကောင်းကင်ယံအရောက်မှာ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တယ်လို့ ထိုင်ဝမ်လေတပ်က ပြောပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒေသခံ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့က တိုက်လေယာဉ်ပျက်ကျခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် တိုက်လေယာဉ်မှူး ဗိုလ်မှူးဝူယန်တင်းကို မြေပြင်နဲ့ဝေဟင်မှ လိုက်လံရှာဖွေခဲ့ကြပါတယ်။ တိုက်လေယာဉ်ပျက်ကျပြီး နာရီပိုင်းအကြာ ယနေ့ ညနေပိုင်းမှာ လေယာဉ်အပျက်အစီးကို တွေ့ရှိခဲ့ပါတယ်။

play
ပျက်ကျခဲ့သည့် တိုက်လေယာဉ်၏ အပျက်အစီးတစ်ခု


"တိုက်လေယာဉ်မှူးဟာ တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး အကြောင်းရင်းကို ထုတ်ပြန်နိုင်ဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားပါမယ်" လို့ ထိုင်ဝမ်လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ ကာကွယ်ရေးဝန်ကြီး ယန်ဒီဖာတို့က တိုက်လေယာဉ်မှူးရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး မိသားစုထံ နစ်နာကြေးပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

play
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်


ယခုဖြစ်ရပ်အတွင်း သေဆုံးခဲ့တဲ့ တိုက်လေယာဉ်မှူး ဝူယန်တင်းဟာ ၂၀၁၃ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ F-16 တိုက်လေယာဉ် မတော်တဆမှုမှာတော့ လေထီးဖြင့် မြေပြင်ကို ပြန်ဆင်းသက်နိုင်ခဲ့ပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က လေယာဉ်မတော်တဆမှုဟာ အင်ဂျင်ချို့ယွင်းမှုကြောင့်လို့ သံသယရှိခဲ့ကြပါတယ်။ ယခုတစ်ကြိမ် တိုက်လေယာဉ်ပျက်ကျမှုဟာ ယနေ့ စတင်ခဲ့ပြီး ငါးရက်ကြာမယ့် "Han Guang" (Han Glory) စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့စဉ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

play
ထိုင်ဝမ်လေတပ်ရဲ့ F-16 တိုက်လေယာဉ်


Han Glory စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်မှုအဖြစ် ကျူးကျော်လာတဲ့ရန်သူကို တန်ပြန်တိုက်ခိုက်တဲ့ လေ့ကျင့်မှုဖြစ်ကြောင်း သိရပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်နေပေမဲ့ တရုတ်နိုင်ငံက ၎င်းရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး လိုအပ်လာပါက စစ်အင်အား သုံးနိုင်ကြောင်း ပြောထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD