AD
AD
AD

အမေရိကန် FBI အေးဂျင့်တစ်ဦး ဘားဆိုင်မှာ အကကောင်းခဲ့ရာမှ အမျိုးသားတစ်ဦးကို ၎င်းရဲ့သေနတ်နဲ့ မတော်တဆ ပစ်ခတ်မိခဲ့ပါတယ်။ တာဝန်ချိန်ပြင်ပမှာရှိနေသူ FBI အေးဂျင့်က ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ရှိ ဘားဆိုင်တစ်ဆိုင်မှာ ကခုန်ခဲ့စဉ်အတွင်း မတော်တဆ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

play


ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုအရ ဒန်ဗာမြို့ရှိ Mile High Spirits and Distillery ဘားဆိုင်အတွင်း လူအုပ်စုအလယ်မှာ ကနေခဲ့သူ FBI အေးဂျင့်က နောက်ကျွမ်းပစ်ခဲ့ရာမှ ခါးပတ်ကြားထဲထိုးထားတဲ့ သေနတ်ပြုတ်ကျသွားခဲ့ပါတယ်။ အဆိုပါ အေးဂျင်က ၎င်းရဲ့သေနတ်ကို ကောက်ယူခဲ့စဉ် မတော်တဆ ကျည်ဆန်ထွက်သွားခဲ့တာ တွေ့ရပါတယ်။

play


သေနတ်နဲ့ မတော်တဆ ပစ်ခတ်ခဲ့မိတာကြောင့် လူအုပ်အတွင်းရှိ အမျိုးသားတစ်ဦးရဲ့ ခြေထောက်ကို ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ခဲ့ပါတယ်။ သေနတ်ထိမှန်ခံရတဲ့ အမျိုးသားရဲ့ဒဏ်ရာ အပြည့်အဝ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

FBI အေးဂျင့်ရဲ့ သေနတ်နဲ့ မတော်တဆ ပစ်ခတ်မှုဖြစ်ပြီးနောက် ၎င်းရဲ့အကကို ဝိုင်းအုံကြည့်နေသူတွေ အံ့အားသင့်ထိတ်လန့်သွားခဲ့ပြီး အေးဂျင့်ကလည်း ဆက်မကတော့ဘဲ လက်နှစ်ဖက်မြှောက်ပြရင်း ထိုနေရာမှ ထွက်ခွာသွားခဲ့ပါတယ်။

play


အမည်မဖော်ပြထားတဲ့ FBI အေးဂျင့်ကို ဒန်ဗာရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီးနောက် FBI မှ ကြီးကြပ်သူအရာရှိထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ထိုဖြစ်ရပ် ဖြစ်ပွားခဲ့စဉ် မျက်မြင်တွေ့ရှိခဲ့သူတွေကို စုံစမ်းစစ်ဆေးမှုအတွက် လာရောက်ထွက်ဆိုပေးကြရန် အကူအညီ တောင်းခံထားပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေက FBI အေးဂျင့်နဲ့ ပတ်သက်ပြီး အရက်မူးနေတာကြောင့် မတော်တဆ ပစ်ခတ်ခဲ့မိခြင်းဟုတ် မဟုတ် သိရှိဆုံးဖြတ်နိုင်ရန် ဓာတ်ခွဲခန်းစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ အကကောင်းခဲ့ရာမှ မတော်တဆ ပစ်ခတ်ခဲ့မိတဲ့ FBI အေးဂျင့်ကို စွဲချက်တင်မည်လား သို့မဟုတ် FBI ရဲ့ စည်းကမ်းထိန်းသိမ်းရေးအရ အပြစ်ပေးမည်လားဆိုတာ အတိအကျ မသိရသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD