AD
AD
AD

အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ် မီယာမီအဝေးပြေးလမ်းမမှာ ဖြစ်ပွားခဲ့တဲ့ လူကူးတံတားသစ် ပြိုကျမှုအတွင်း သေဆုံးသူအရေအတွက် ကိုးဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

play


ဖလ်ာရီဒါ အပြည်ပြည်ဆိုင်ရာတက္ကသိုလ် (Florida International University - FIU) နဲ့ ကျောင်းသူကျောင်းသား အဆောင်များရှိရာနေရာကို ဆက်သွယ်ထားတဲ့ အဆိုပါ လူကူးတံတားဟာ အသစ်တည်ဆောက်ပြီး သီတင်းတစ်ပတ်မပြည့်မီ မတ်လ ၁၅ ရက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ပြိုကျခဲ့တဲ့ တံတားအပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ ကားတစ်စီးအတွင်း သေဆုံးနေသူသုံးဦးကို ယနေ့ (မတ်လ ၁၇ ရက်) မနက်ပိုင်းမှာ တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ တံတားပြိုကျမှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းမှာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားခဲ့ရာ ယခုအခါ သေဆုံးသူကိုးဦးအထိ မြင့်တက်လာခဲ့ပါတယ်။

play


တံတားပြိုကျခဲ့တဲ့ လမ်းမဟာ ဖလော်ရီဒါမှာ ယာဉ်အသွားအလား အများအပြားဆုံး လမ်းမတစ်ခုလည်း ဖြစ်ပါတယ်။ လူကူးတံတားဟာ ဖလော်ရီ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်နဲ့ ကျောင်းသူကျောင်းသား ၄,၀၀၀ နေထိုင်ကြတဲ့ အဆောင်များတည်ရှိရာ Sweetwater မြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ တံတားကို စနေနေ့ (မတ်လ ၁၀ ရက်) က ရှစ်လမ်းသွား မီယာမီ အဝေးပြေးလမ်းမပေါ်မှာ အချိန်ခြောက်နာရီအတွင်း အပြီးတည်ဆောက် တပ်ဆင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

play


ပြည်နယ်သယ်ယူပို့ဆောင်ရေးဌာနကတော့ အဆိုပါတံတားကို Accelerated Bridge Construction (ABC) ဆောက်လုပ်ရေးကုမ္ပဏီအား အချိန် ၄၈ နာရီမှ ၇၂ နာရီအတွင်း အပြီးတည်ဆောက်ရန် လုပ်ငန်းအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

လူကူးတံတားဟာ အလေးချိန် တန် ၉၅၀ ရှိပြီး ၁၇၄ ပေရှည်လျားကြောင်းနဲ့ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၄.၂ သန်း ဖြစ်ကြောင်းလည်း သိရပါတယ်။ ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်ရဲ့ မတ်လ ၁၂ ရက်မှ ၁၇ ရက်အထိ နွေဦးကာလ ကျောင်းပိတ်ရက်အတွင်း တံတားပြိုကျခဲ့တာ ဖြစ်ပါတယ်။

လူကူးတံတား ပြိုမကျမီ နာရီပိုင်းအလိုမှာ အက်ကြောင်းတစ်ခု တွေ့ခဲ့ရမှုအပေါ် ဖလော်ရီဒါအာဏာပိုင်များ၊ သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အင်ဂျင်နီယာတွေ ပါဝင်တဲ့ အစည်းအဝေး ပြုလုပ်ခဲ့သေးပေမဲ့ တံတားကြံခိုင်မှုနဲ့ လုံခြုံရေးဘေးကင်းမှုအတွက် စိုးရိမ်စရာမရှိကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာတွေက အာဏာပိုင်တွေကို ပြောခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD