AD
AD
AD

စပိန်နိုင်ငံ ကတ်တလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဆိုင်ရာ အစိုးရခေါင်းဆောင်ဟောင်း ကားလက်စ်ပူဒီမောင့်ကို ဂျာမနီနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ၎င်းရဲ့ ရှေ့နေက ပြောပါတယ်။

play
ကတ်တလိုနီးယား ခေါင်းဆောင်ဟောင်း ကားလက်စ်


ကတ်တလိုနီးယား ခေါင်းဆောင်ဟောင်းဟာ ဘယ်လ်ဂျီယံကိုသွားရောက်ရန် ဒိန်းမတ်နိုင်ငံမှမှ နယ်စပ်ဖြတ်ကျော်ပြီး ဂျာမနီသို့ဝင်ရောက်စဉ် အဖမ်းခံခဲ့ရကြောင်း ရှေ့နေက Twitter မှာ ရေးထားပါတယ်။ စပိန်အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကားလက်စ်ကို အလိုရှိနေကြောင်း သိရပါတယ်။

ကားလက်စ်ဟာ ယမန်နှစ် အောက်တိုဘာလအတွင်း ကတ်တလိုနီးယားဒေသကို စပိန်လက်အောက်မှခွဲထွက်ပြီး လွတ်လပ်ရေးကြေညာရန် စပိန်အစိုးရက တားမြစ်ပိတ်ပင်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံသို့ ပြည်ပြေးအဖြစ် တိမ်းရှောင်သွားခဲ့ပါတယ်။

play
ကားလက်စ်နဲ့အတူ ဘယ်လ်ဂျီယံမှာ အဖမ်းခံခဲ့သူလေးဦး


ကားလက်စ်နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လေးဦးက ဘယ်လ်ဂျီယံအာဏာပိုင်များထံမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီးနောက် ၎င်းတို့ကို ချွင်းချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံတရားရုံးက ကားလက်စ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ခွင့်ပြုချက်မရဘဲ နိုင်ငံမှထွက်ခွာခြင်း မပြုရန်နဲ့ တည်းခိုနေထိုင်တဲ့နေရာ အသေးစိတ် အချက်အလက်ကို အသိပေးရန် ညွှန်ကြားထားခဲ့ကြောင်း သိရပါတယ်။

play
ကတ်တလိုနီးယားခွဲထွက်ရေး ထောက်ခံသူများ ဆန္ဒပြစဉ်


လတ်တလောမှာ ကားလက်စ်ကို ဖမ်းဆီးရန်အတွက် ဥရောပဆိုင်ရာဖမ်းဝရမ်း ပြန်ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။ ကတ်တလိုနီးယားဒေသမှာ ခွဲထွက်ရေးခေါင်းဆောင်တွေက အဆိုပြုခဲ့တဲ့ ဒေသဆိုင်ရာ အစိုးရခေါင်းဆောင်အဖြစ် လျာထားသူကို စပိန်ဗဟိုအစိုးရက ဖမ်းဆီးခဲ့ပြီးနောက် တင်းမာမှုတွေ အလွန်မြင့်တက်နေကြောင်းလည်း သိရပါတယ်။

play
ခွဲထွက်ရေး ထောက်ခံသူများ ဆန္ဒပြစဉ်


စပိန်လက်အောက်မှ ခွဲထွက်ရေးကို အားပေးထောက်ခံသူတွေက အဆိုပြုခဲ့တဲ့ ဂျော်ဒီတူရူလ်နဲ့ အခြားလူငါးဦးကို သောကြာနေ့ (မတ်လ ၂၃ ရက်) မှာ ဖမ်းဆီးခဲ့ပြီးနောက် ကတ်တလိုနီးယားမြို့တော် ဘာစီလိုနာမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကတ်တလိုနီးယားခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ

စပိန်လက်အောက်မှ ကတ်တလိုနီးယားဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို ယမန်နှစ် အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့ရာ လူဦးရေ ၂.၂၆ သန်းက ဆန္ဒမဲပေးခဲ့ကြပြီး မဲရလဒ်များအရ ဆန္ဒမဲပေးသူ ၉၀ ရာခိုင်နှုန်းက ခွဲထွက်ရေးကို ထောက်ခံမဲပေးခဲ့ကြပါတယ်။

လူထုဆန္ဒခံယူပွဲ မဲရလဒ်တွေအရ ကတ်တလိုနီးယားကို လွတ်လပ်ရေးကြေညာရန်အတွက် လမ်းပွင့်သွားခဲ့ကြောင်း ထိုစဉ်က ကတ်တလိုနီးယားခေါင်းဆောင် ကားလက်စ်က ပြောခဲ့ပါတယ်။

play
လူထုဆန္ဒခံယူပွဲအပြီး အောင်ပွဲခံနေသည့် ခွဲထွက်ရေးထောက်ခံသူများ


စပိန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အဆိုပါ ကတ်တလိုနီးယား လူထုဆန္ဒခံယူပွဲကို တရားမဝင်ကြောင်း ကြေညာထားခဲ့ပြီး မဲပေးမှုတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ရာမှ အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး လူ ၉၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့ပါတယ်။

လူထုဆန္ဒခံယူပွဲအပြီးမှာတော့ စပိန်အစိုးရက ကတ်တလိုနီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး တိုက်ရိုက် ပြန်လည်အုပ်ချုပ်ခဲ့ကာ ခွဲထွက်ရေးလိုလားတဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကတ်တလိုနီးယားဒေသ

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကတ်တလိုနီးယားဒေသမှာ လူဦးရေ ၇.၅ သန်း နေထိုင်ကြပြီး ကိုယ်ပိုင် ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရထားပေမဲ့ စပိန်နိုင်ငံ အခြေခံဥပဒေအရ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခွင့်မပြုထားကြောင်းလည်း သိရပါတယ်။

ကတ်တလိုနီးယားဒေသကို စပိန်နိုင်ငံမှ ခွဲထွက်ပြီး သီးခြားနိုင်ငံအဖြစ် တည်ထောင်ရန်အတွက် လူထုဆန္ဒခံယူရေး ဖိအားပေးလှုံ့ဆော်မှုတွေ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD