AD
AD
AD

တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ဘ်ဇူးမားကို အဂတိလိုက်စားမှု စွဲချက် ၁၆ ခုအတွက် တရားရုံးမှာ ကြားနာစစ်ဆေးသွားမယ်လို့ ရှေ့နေချုပ် ရွှန်အေဗရာဟမ်စ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဇူးမားကတော့ ၎င်းအပေါ် စွဲဆိုထားတဲ့ လိမ်လည်မှု၊ တရားမဝင်လုပ်ငန်းမှ ငွေရယူမှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် စွဲချက်တွေအားလုံးကို ငြင်းဆိုထားခဲ့ပါတယ်။

play
တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ဘ်ဇူးမား

 
အသက် ၇၅ နှစ်အရွယ် ဇူးမားဟာ ပြီးခဲ့တဲ့လအတွင်း ၎င်းရဲ့ အာဏာရပါတီ African National Congress (ANC) က ဖိအားပေးမှုကြောင့် သမ္မတရာထူးမှ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတဇူးမားဟာ ရာထူးမှနုတ်ထွက်ခြင်းမပြုမီ လွှတ်တော်မှာ ကိုးကြိမ်မြောက် အယုံအကြည်မရှိအဆို တင်သွင်းမှုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ယခု တရားရုံးမှာ စစ်ဆေးသွားသွားမယ့် စွဲချက်များဟာ ၁၉၉၀ ပြည့်လွန်နှောင်းပိုင်း ဇူးမား သမ္မတဖြစ်မလာမီမှာ တောင်အာဖရိကအစိုးရက အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက်ဝယ်ယူမှုနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

play
တောင်အာဖရိကရှေ့နေချုပ် ရွှန်အေဗရာဟမ်စ်


ဇူးမားက ပြင်သစ်လက်နက်ကုမ္ပဏီထံမှ လာဘ်ငွေရယူခဲ့ပြီး အသုံးအဖြုန်းကြီးတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်လာခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဇူးမားရဲ့ ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်ဟာ အဆိုပါ လာဘ်ငွေများတောင်းခံခဲ့မှုဖြင့် ပြစ်မှုထင်ရှားကြောင်း ၂၀၀၅ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် ဇူးမားကိုလည်း ဒုတိယသမ္မတအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

ယခုအခါ သမ္မတဟောင်းဇူးမားကို တရားမဝင်လုပ်ငန်းမှ ငွေရယူမှုစွဲချက်တစ်ခု၊ အဂတိလိုက်စားမှုစွဲချက်နှစ်ခု၊ ငွေကြေးခဝါချမှုစွဲချက်တစ်ခုနဲ့ လိမ်လည်မှု ၁၂ ခုတို့ဖြင့် တရားရုံးမှာ ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဇူးမားကတော့ ၎င်းအပေါ် စွပ်စွဲချက်တွေအားလုံးကို အမြဲတစေ ငြင်းဆိုထားခဲ့ကြောင်း သိရပါတယ်။

ဂျက်ကော့ဘ်ဇူးမား အဂတိလိုက်စားမှု စွဲချက်ဆိုင်ရာ အချက်အလက်အချို့

- ၂၀၀၅ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ဇူးမားရဲ့ ဘဏ္ဍာရေးအကြံပေး Schabir Shaik ကို လိမ်လည်မှုနဲ့ အဂတိလိုက်စားမှုတို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

- ၂၀၀၆ ခုနှစ်မှာ ဇူးမားကို တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပေမဲ့ စွဲချက်တင်ပြီး တစ်နှစ်ကျော်ကြာချိန်မှာ ဆက်လက်စစ်ဆေးရန် အချက်အလက် မလုံလောက်မှုကြောင့် တရားစွဲဆိုမှု ရှုံးနိမ့်ခဲ့ပါတယ်။

- ၂၀၀၉ ခုနှစ်မှာ တောင်အာဖရိက National Prosecuting Authority (NPA) က သမ္မတရွေးကောက်ပွဲမှာ ဇူးမား အနိုင်မရမီ ၎င်းအပေါ် တရားစွဲဆိုထားမှုတွေကို အငြင်းပွားဖွယ် ရုပ်သိမ်းခဲ့ပါတယ်။

- ဇူးမားရဲ့ နိုင်ငံရေးပြိုင်ဘက်တွေက ထိုစဉ်ကတည်းက ၎င်းကို တရားစွဲဆိုနိုင်ရန် အစဉ်တစိုက် ဆောင်ရွက်လာခဲ့ကြပါတယ်။

- တောင်အာဖရိက အထက်တရားရုံးက ၂၀၁၆ ခုနှစ်မှာ ဇူးမားအပေါ် တရားစွဲဆိုထားမှုကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ထိုကိစ္စအတွက် ဇူးမားက တရားရုံးချုပ်မှာ အယူခံဝင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

- တောင်အာဖရိက ရှေ့နေချုပ် ရွှန်အေဗရာဟမ်စ်က ဇူးမားရဲ့အမှုကို ပြန်လည် ကြားနာစစ်ဆေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD