AD
AD
AD

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို အဂတိလိုက်စားမှုဖြင့် ယနေ့ (ဧပြီ ၉ ရက်) မှာ စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ လီမြောင်ဘတ်ဟာ ရာဇဝတ်ပြစ်မှုဖြင့် စွဲချက်တင်ခံရတဲ့ တောင်ကိုရီးယားသမ္မတဟောင်းတွေအနက် နောက်ဆုံးတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

play
တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်


တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် (Lee Myung-bak) ကို အဂတိလိုက်စားမှုဖြင့် ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် ညပိုင်းမှာ ဖမ်းဆီးထိမ်းသိန်းခဲ့ပြီး ၎င်းဟာ ရာဇဝတ်မှုအရ ဖမ်းဆီးခံရတဲ့ သက်ရှိထင်ရှားရှိနေဆဲ စတုတ္တမြောက် တောင်ကိုရီးယားသမ္မတဟောင်းလည်း ဖြစ်ပါတယ်။

play
လီမြောင်ဘတ်ကို ဖမ်းဆီးခဲ့စဉ်


လီမြောင်ဘတ်ရဲ့နေရာကို ဆက်ခံခဲ့ပြီး သမ္မတဖြစ်ခဲ့သူ ပတ်ဂွမ်ဟေးကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပြီးနောက် ရက်ပိုင်းမျှအကြာမှာ လီမြောင်ဘတ်ကိုလည်း စွဲချက်တင်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း အကြီးအကဲမှ သမ္မတဖြစ်ခဲ့သူ အသက် ၇၆ နှစ်အရွယ် လီမြောင်ဘတ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။

၎င်းဟာ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးမှု၊ အလွဲသုံးစားပြုမှုနဲ့ အခွန်တိမ်းရှောင်မှု အပါအဝင် စွဲချက်များဖြင့် ရင်ဆိုင်နေရပါတယ်။ လီမြောင်ဘတ်ကတော့ မည်သည့်အမှားကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုနဲ့ စွပ်စွဲမှုတွေဟာ နိုင်ငံရေးအရ လက်စားချေမှုသာဖြစ်ကြောင်း ပြောထားပါတယ်။

play
ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရသည့် ပတ်ဂွမ်ဟေး


လီမြောင်ဘတ်ဟာ ၎င်းကိုစွဲချက်တင်ထားမှုများအတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်ကြောင်း တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။ လီမြောင်ဘတ်ရဲ့အမှုကို တရားရုံးကြာနာစစ်ဆေးမှုများအား လာမယ့် မေလအတွင်း စတင်ပြုလုပ်သွားဖွယ်ရှိကြောင်း သိရပါတယ်။

သမ္မတဟောင်း လီမြောင်ဘတ်ကို စွပ်စွဲထားမှုအချို့

- ၂၀၀၉ ခုနှစ်က အခွန်တိမ်းရှောင်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတဲ့ ဆမ်ဆောင်းဥက္ကဋ္ဌ လီကွမ်ဟီးကို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ထိုကုမ္ပဏီထံမှ လာဘ်ငွေရယူခဲ့မှု။

- သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း အစိုးရက ဘဏ္ဍာရေးထောက်ပံ့ထားတဲ့ ဘဏ်လုပ်ငန်းအုပ်စုရဲ့ အကြီးအကဲဟောင်းထံမှ ရာထူးနေရာအတွက် ဒေါ်လာသန်းနဲ့ချီ လာဘ်ငွေရယူခဲ့မှု။

- အစိုးရထောက်လှမ်းရေးဌာနမှ အမေရိကန်ဒေါ်လာတစ်သိန်း လက်ခံရယူခဲ့မှု။

- ဆွေမျိုးများအမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မော်တော်ယာဉ်ပစ္စည်းကုမ္ပဏီနဲ့ ပတ်သက်ပြီး ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်ခဲ့မှု။

ဖမ်းဆီးစွဲချက်တင်ခံ၊ ထောင်ချခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်းများ

- သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာလည်း သူမရဲ့ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ဖမ်းဆီးခံထားရပြီး စွဲချက် ၂၁ ခုဖြင့် စွဲချက်တင်ခံရပြီးနောက် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အစိုးရရှေ့နေတွေက ပတ်ဂွမ်ဟေးကို ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ရန် တင်ပြခဲ့ကြောင်း သိရပါတယ်။

play
ထောင်ဒဏ်ကျခံခဲ့ရသည့် ရိုတေဝူးနှင့် ချန်ဒူးဝမ်


-  တောင်ကိုရီးယားမှာ ၁၉၈၀ ပြည့်လွန်မှ ၁၉၉၀ ပြည့်လွန်နှစ်များအထိ သမ္မတတာဝန်ယူခဲ့ကြသူ စစ်တပ် ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ချန်ဒူးဝမ်နဲ့ ရိုတေဝူးတို့ဟာလည်း သမ္မတရာထူးမှ အနားယူခဲ့ရပြီးနောက် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း အဂတိလိုက်စားမှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂ နှစ်ကြာ ထောင်ဒဏ်ကျခံရပြီးနောက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

- တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရ

- တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကိုဖမ်းဆီးရန် အစိုးရရှေ့နေများ စီစဉ်

- တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး မေးမြန်းရန်ဆင့်ခေါ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD