AD
AD
AD

ပြင်သစ်သမ္မတဟောင်း နီကိုလက်စ်ဆာကိုဇီကို ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီထံမှ ရွေးကောက်ပွဲရန်ပုံငွေ ရယူခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

play
ပြင်သစ်သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီ


ဆာကိုဇီက ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲအတွက် အာဏာရှင်ကဒါဖီထံမှ ထောက်ပံ့ငွေတွေကို ခရီးဆောင်အိတ်များဖြင့် ထည့်သွင်းကာ နိုင်ငံအတွင်း ယူဆောင်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က AFP သတင်းဌာနကို ပြောပါတယ်။

ပြင်သစ်သမ္မတဟောင်း ဆာကိုဇီကို မတ်လ ၂၀ ရက် အစောပိုင်းမှာ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုနဲ့ အခွန်တိမ်းရှောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။ အသက် ၆၃ နှစ်အရွယ် ဆာကိုဇီကတော့ ယခုအမှုတွေအတွက် မေးမြန်းရန်ဆင့်ခေါ်မှုကို ငြင်းဆန်ထားခဲ့ကြောင်းလည်း သိရပါတယ်။

ဆာကိုဇီဟာ ၂၀၁၂ ခုနှစ်မှာ သမ္မတအဖြစ် သက်တမ်းပြည့်ခဲ့ပြီးနောက် ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ တွေ့ကြုံနေရတာလည်း ဖြစ်ပါတယ်။ ဆာကိုဇီ အဖမ်းခံရကြောင်း သတင်းကို Mediapart စုံစမ်းထောက်လှမ်းရေး သတင်းဝက်ဘ်ဆိုက်နဲ့ ပြင်သစ်နေ့စဉ်သတင်းစာ Le Monde တို့မှာ ပထမဆုံး ဖော်ပြလာခဲ့ပါတယ်။

play
ဆာကိုဇီနှင့် လစ်ဗျားအာဏာရှင် ကဒါဖီ


ယခုကိစ္စနဲ့ဆက်စပ်ပြီး ဆာကိုဇီ သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း အစိုးရအဖွဲ့ ထိပ်တန်းအရာရှိ ဖြစ်ခဲ့သူတစ်ဦးကိုလည်း ယမန်နေ့မှာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

လစ်ဗျားခေါင်းဆောင်ကဒါဖီနဲ့ သားဖြစ်သူ ဆာအိဖ်အယ်လ်အစ္စလာမ်တို့က ဆာကိုဇီအတွက် ရွေးကောက်ပွဲ ရန်ပုံငွေထောက်ပံ့ခဲ့ကြောင်း ပြောဆိုမှုတွေ ကဒါဖီ မသေဆုံးမီမှာ ထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဆာကိုဇီကတော့ လစ်ဗျားအာဏာရှင် ကဒါဖီနဲ့ သားဖြစ်သူတို့ရဲ့ စွပ်စွဲမှုတွေကို ပယ်ချခဲ့ပါတယ်။ လစ်ဗျားမှာ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုအတွင်း ပြင်သစ်ပါဝင်ခဲ့မှုအပေါ် အာဏာရှင်ကဒါဖီ အစိုးရက ဒေါသထွက်ခဲ့ပါတယ်။

play
ကဒါဖီ သေဆုံးခဲ့မှု သရုပ်ဖော်ပုံ


အမေရိကန်ဦးဆောင်တဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုကြောင့် ကဒါဖီရဲ့ ၄၁ နှစ်ကြာ အာဏာချုပ်ကိုင်လာမှုကို အဆုံးသတ်စေခဲ့ပြီး ၎င်းလည်း သေဆုံးခဲ့ပါတယ်။ ကဒါဖီက ဆာကိုဇီကို ရွေးကောက်ပွဲရန်ပုံငွေ ထောက်ပံ့ခဲ့တဲ့ ကိစ္စဟာ ၎င်းသေဆုံးခဲ့ပြီးနောက် အတန်ငယ် တိမ်မြုပ်နေခဲ့ပါတယ်။

သို့သော် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ပြင်သစ်မှာနေထိုင်တဲ့ လက်ဘနွန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်က ဆာကိုဇီအတွက် ရွေးကောက်ပွဲရန်ပုံငွေအဖြစ် ကဒါဖီက ပေးအပ်လိုက်တဲ့ ငွေစက္ကူများပါ ခရီးဆောင်သေတ္တာသုံးခုကို သယ်ဆောင်ပေးခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက် အဆိုပါကိစ္စအပေါ် ပြန်လည် အာရုံထားလာခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုတွေ ရှိလာခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD