AD
AD
AD

ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံအုပ်စု G7 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်က သွင်းကုန်ကောက်ခံမယ့် ကိစ္စရပ်အပေါ် သဘောထားကွဲလွဲမှုကို မဖြေရှင်းနိုင်ခဲ့ဘဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အစည်းအဝေးကနေ အစောဆုံး ပြန်သွားခဲ့ပါတယ်။

play
G7 အစည်းအဝေးကနေ အစောဆုံး ပြန်သွားခဲ့သည့် အမေရိကန်သမ္မတထရန့်


ထရန့်က စင်ကာပူမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် G7 အစည်းအဝေးကနေ စောပြီးပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတထရန့်က လက်ရှိ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေဟာ မျှတမှုမရှိဘဲ ထိုအချက်တွေကြောင့် အမေရိကဟာ ခေါင်းပုံဖြတ်ခံနေရတယ်လို့ အခိုင်အမာ ပြောထားပါတယ်။

play
အကြိတ်အနယ် ဆွေးနွေးမှုတွေရှိခဲ့သည့် G7 ထိပ်သီးအစည်းအဝေး


G7 အစည်းအဝေးမှာလည်း ၎င်းတို့နိုင်ငံခြားကြား ကုန်သွယ်မှုကို ပိုမိုမျှတအောင် လုပ်ဆောင်ရမယ် သို့မဟုတ် ကုန်သွယ်မှုတွေကို အတူတကွ ရပ်ဆိုင်းကြရန် အခြား နိုင်ငံခေါင်းဆောင်တွေ လက်ခံနိုင်လောက်အောင် ပြောဆိုနိုင်ခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

play
G7 ခေါင်းဆောင်များ အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်


"သူတို့ ကုန်သွယ်ရေးသဘောတူညီမှုကို ပြန်ရေးဆွဲကြမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်" လို့ အမေရိကန်သမ္မတထရန့်က ဆိုပါတယ်။ G7 အုပ်စုဝင် အခြား ခြောက်နိုင်ငံက ကုန်သွယ်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်လာပါက ၎င်းတို့အနေနဲ့ အမေရိကဈေးကွက်ကို ကုန်သွယ်ခွင့် ပိတ်ပင်ခံရနိုင်တယ်လို့လည်း ထရန့်က သတိပေးလိုက်ပါတယ်။

play
G7 ထိပ်သီးအစည်းအဝေး


အမေရိကကို တင်သွင်းနေတဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အခွန်ကောက်ခံမယ့် ထရန့်ရဲ့ ဆုံးဖြတ်သတ်မှတ်မှုကို အခြား G7 နိုင်ငံတွေ မနှစ်သက်ကြပါဘူး။ G7 ခေါင်းဆောင်တွေက နိုင်ငံခြားသွင်းကုန်တွေကို အခွန်တိုးမြှင့်ကောက်ခံမှု တိုက်ဖျက်ရန်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန် သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


G7 အုပ်စုဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ ၄၄ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကနေဒါနိုင်ငံ Quebec ပြည်နယ် La Malbaie ဒေသမှာ ဇွန်လ ၈ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်တာဖြစ်ပြီး အမေရိကန်သမ္မတထရန့်က ဇွန်လ ၉ ရက်မှာ အစောဆုံး ပြန်သွားခဲ့ပါတယ်။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအုပ်စု G7 မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်တို့ပါဝင်ပြီး ယခု ထိပ်သီးအစည်းအဝေးမှာ ဥရေပသမဂ္ဂကလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD