စီအိုင်အေမှာ ၃၃ နှစ်ကြာ အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်း စီအိုင်အေရဲ့ ပထမဆုံး အမျိုးသမီးညွန်ကြားရေးမှူးကို အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဂျင်နာဟက်စ်ပဲလ်ကို စီအိုင်အေညွန်မှူးအဖြစ် ခန့်အပ်ရန်အတွက် ဆီးနိတ်လွှတ်တော်က ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲဖြင့် အတည်ပြုခဲ့ကြောင်း သိရပါတယ်။

စီအိုင်အေရဲ့ ပထမဆုံး အမျိုးသမီး ညွန်ကြားရေးမှူး ဖြစ်လာသည့် ဂျင်နာ



သူမဟာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့တဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီး စီအိုင်အေရဲ့ စစ်ကြောမေးမြန်းမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ပေမဲ့လည်း စီအိုင်အေညွန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မျက်နှာကိုအဝတ်အုပ်ပြီး ရေလောင်းချကာ စစ်ကြောမေးမြန်းမှု နည်းလမ်းတွေနဲ့ပတ်သက်ပြီး စီအိုင်အေကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်း



ဂျင်နာဟာ ဝါရင့် စီအိုင်အေဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံရှိ 'black site' လို့ အမည်ပေးထားတဲ့ စီအိုင်အေလုပ်ငန်းကို ကြီးကြပ်ခဲ့ပါတယ်။ ယခင် စီအိုင်အေညွန်ကြားရေးမှူး မိုက်ခ်ပွန်မ်ပီအိုက နိုင်ငံခြားရေးဝန်ကြီး ဖြစ်သွားခဲ့ပြီးနောက် ၎င်းရဲ့ လစ်လပ်နေတဲ့နေရာကို ဂျင်နာက ဆက်ခံတာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်



ဂျင်နာကို စီအိုင်အေညွန်မှူးအဖြစ် သမ္မတဒေါ်နယ်ထရန့်က အမည်စာရင်းတင်သွင်းမှုကို ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ဗီယက်နမ်အကျဉ်းစခန်းမှာ ငါးနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတထရန့်က ဂျင်နာကို Twitter မှာ ဂုဏ်ပြုထားမှု



ကြာသပတေးနေ့ (မေလ ၁၆ ရက်) မှာ ဂျင်နာကို စီအိုင်အေညွန်မှူး ခန့်အပ်ရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ဒီမိုကရက်တစ် အမတ်ခြောက်ဦးကလည်း ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ စီအိုင်အေ (Central Intelligence Agency - CIA) အနေနဲ့ နာမည်ဆိုးထွက်ခဲ့တဲ့ စစ်ကြောမေးမြန်းမှု နည်းလမ်းတွေကို ပြန်သုံးမှာမဟုတ်ကြောင်း ဂျင်နာက ၎င်းကို ပြောခဲ့တယ်လို့ ထောက်ခံမဲပေးခဲ့သူ ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် မာ့ခ်ဝါနာက ဆိုပါတယ်။

ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် မာ့ခ်ဝါနာ



သမ္မတက တောင်းဆိုခဲ့သည့်တိုင် ထိုကဲ့သို့ စစ်ကြောမေးမြန်းတဲ့ နည်းလမ်းတွေကို မည်သည့်အခါမျှ အသုံးပြုမှာ မဟုတ်ကြောင်း ဂျင်နာက ကတိပြုခဲ့တယ်လို့ လွှတ်တော်အမတ် မာ့ခ်ဝါနာက ပြောပါတယ်။ သမ္မတဒေါ်နယ်ထရန့် အမေရိကန်အနေနဲ့ အကြမ်းဖက်အဖြစ် သံသယရှိသူတွေကို ရေလောင်းစစ်ဆေးမှု ပြန်လည် လုပ်ဆောင်ရန် ယခင်က တိုက်တွန်းခဲ့ဖူးပါတယ်။

ဂျင်နာကို စီအိုင်အေညွန်မှူးအဖြစ် အတည်ပြုခန့်အပ်နိုင်ရန် လွှတ်တော်မဲခွဲမှုမှာ ရီပတ်ဘလစ်ကင် အမတ်နှစ်ဦးဖြစ်တဲ့ ဂျက်ဖ်ဖလိတ်ခ်နဲ့ ရန်ဒါပေါလ်တို့က ကန့်ကွက်မဲပေးခဲ့ကြရာ ဒီမိုကရက်တစ်အမတ်ခြောက်ဦးရဲ့ ထောက်ခံမဲမရခဲ့ပါက အတည်ပြုနိုင်ခဲ့မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

ဂျင်နာဟက်စ်ပဲလ် (Gina Haspel)

အသက် ၆၁ နှစ်အရွယ် ဂျင်နာဟာ စီအိုင်အေမှာ ၃၃ နှစ်ကြာ အမှုထမ်းခဲ့သူဖြစ်ပြီး သူမရဲ့လုပ်သက်ကာလ အများစုမှာ အသွင်ယူထောက်လှမ်းသူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ထိုင်းနိုင်မှာ ဆောင်ရွက်နေတဲ့ စီအိုင်အေရဲ့ 'black site' ပရော့ဂျက်ကို တာဝန်ယူကြီးကြပ်ရန် ရွေးချယ်ခံခဲ့ရပါတယ်။

ဂျင်နာက 'black site' ပရော့ဂျက်ကို ကြီးကြပ်ခဲ့စဉ်အတွင်း စစ်ကြောမေးမြန်းရာမှာ ညှဉ်းပန်းနှိပ်စက်တဲ့ နည်လမ်းများသုံးခဲ့ကြောင်း ဆီးနိတ်လွှတ်တော်က သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

စီအိုင်အေလုပ်သက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဂျင်နာဟက်စ်ပဲလ်



၂၀၀၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာန (World Trade Center) နဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်တို့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အမျိုးသား ၁၁၉ ဦးထက်မနည်းကို အမေရိကန်က ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဆီးနိတ်လွှတ်တော်ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေက ဂျင်နာဟာ အမေရိကန်က ညှဉ်းပန်းနှိပ်စက်မှုတွေကို ကြီးကြပ်ကွပ်ကဲရန် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တယ်လို့ ပြောပါတယ်။ သို့သော် ထိုင်းနိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ 'black site' ပရော့ဂျက်မှာ ၎င်းအနေနဲ့ မည်သည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ခဲ့ကြောင်းနဲ့ ပတ်သက်ပြီး စီအိုင်အေက လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ထားတာကြောင့် ရှင်းလင်းစွာ မသိနိုင်ဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က