International News: Grenfell တာဝါ မီးလောင်မှု လူ ၇၉ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ သတ်မှတ်ထုတ်ပြန်

Grenfell တာဝါ မီးလောင်မှုကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ကတိပြုခဲ့ပါတယ်။

Grenfell တာဝါ မီးလောင်မှု လူ ၇၉ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က သတ်မှတ်

 

ဗြိတိန်နိုင်ငံ လန်ဒန်အနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ Grenfell တာဝါ အထပ်အမြင့် အဆောက်အအုံ မီးလောင်မှုအတွင်း လူ ၇၉ ဦးဟာ သေဆုံး သို့မဟုတ် ပျေက်ဆုံးနေကြောင်းနဲ့ ၎င်းတို့အားလုံးကို သေဆုံးခဲ့ပြီလို့ ယူဆသတ်မှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၁၉ ရက်) မှာ ပြောကြားပါတယ်။

"ဒီနေ့ မနက်ပိုင်းအထိ သိရှိရတဲ့ အချက်အလက်တွေအရ Grenfell မီးလောင်မှုမှာ လူ ၇၉ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်၊ သူတို့အားလုံး သေဆုံးခဲ့ပြီလို့ ကျွန်တော် ဝမ်းနည်းစွာနဲ့ပဲ သတ်မှတ်ရမှာပါ" လို့ ရဲတပ်ဖွဲ့အကြီးအကဲ စတုအတ်ကန်ဒီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

play
မီးလောင်မှုအကြီးအကျယ်ဖြစ်ခဲ့သည့် Grenfell တာဝါ အတွင်းပိုင်းမြင်ကွင်းတစ်ခု


Grenfell တာဝါ မီးလောင်မှုအတွင်း လူ ၅၈ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းမှာ အတည်ပြုထားခဲ့ပါတယ်။ တာဝါအဆောက်အအုံ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအနက် လက်ရှိအချိန်ထိ ၅ ဦးကိုသာ မည်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က သိရှိနိုင်သေးတယ်လို့လည်း ၎င်းက ပြောပါတယ်။ မီးလောင်မှုအတွင်း သေဆုံးခဲ့သူအချို့ရဲ့ ရုပ်အလောင်းအခြေအနေအရ ၎င်းတို့ကို မည်သူဖြစ်ကြောင်း သိရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြောထားပါတယ်။

မီးအကြီးအကျယ်လောင်ခဲ့တဲ့ Grenfell တာဝါ အတွင်းပိုင်းမြင်ကွင်းများ

 ဇွန်လ ၁၄ ရက် ဒေသစံတောချိန် မနက်အစောပိုင်းက မီးလောင်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ Grenfell တာဝါအတွင်း ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။ Grenfell တာဝါ မီးလောင်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ကွန်ဒီက ကတိပြုခဲ့ပါတယ်။

ယမန်နှစ်အတွင်း ပြီးစီးခဲ့တဲ့ အဆိုပါ အထပ်မြင့် အဆောက်အအုံ ပြင်ဆင်မွမ်းမံမှုကိုလည်း ပြန်လည် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ Grenfell တာဝါကို ယမန်နှစ်အတွင်း အပြီးသတ် ပြင်ဆင်မွမ်းမံခဲ့စဉ်က အပြင်ဘက်နံရံတွေမှာ အလှဆင်ခဲ့တဲ့ပစ္စည်းတွေက မီးလောင်မှုကို ကူးစက်မြန်စေခဲ့ကြောင်း ဗြိတိန်သတင်းတွေက ပြောထားပါတယ်။

play
Grenfell တာဝါ မီးလောင်နေမှု


Grenfell တာဝါ မီးလောင်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဗြိတိန်မှာ လူသေဆုံးမှုအများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက Grenfell တာဝါ မီးလောင်မှုကို ပွင့်လင်းမြင်သာပြီး အများပြည်သူ သိရှိနိုင်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ထရီဆာမေက မီးဘေးသင့်သူတွေကို ပေါင်စတာလင် ၅ သန်း တန်ဖိုးရှိ အကူအညီများ ပေးသွားမယ်လို့လည်း ဇွန်လ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။ မီးလောင်မှုဖြစ်တဲ့ အထပ်မြင့် အဆောက်အအုံရဲ့ အထပ်ပေါင်း ၂၀ မှ လူနေအိမ်ခန်းများ ပါဝင်ဖွဲ့စည်းထားပြီး စုစုပေါင်း လူနေအိမ်ခန်း ၁၂၀ ရှိပါတယ်။

Grenfell တာဝါကို ၁၉၇၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Grenfell တာဝါ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးဘေးသင့်ခဲ့သူတွေအတွက် အကူအညီများပေးရန်နဲ့ မီးလောင်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ပေးရန် ဆန္ဒပြမှုတွေ ဇွန်လ ၁၆ ရက်မှာ ပေါ်ပေါက်ခဲ့သေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

- Grenfell တာဝါ မီးလောင်မှု သေဆုံးသူ ၅၈ ဦးထက်မနည်းရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ ပြောကြား
လန်ဒန် Grenfell တာဝါ မီးလောင်မှုနဲ့ပတ်သက်ပြီး ဆန္ဒပြမှုများ ပေါ်ပေါက်
လန်ဒန် အထပ်မြင့် အဆောက်အအုံ မီးလောင်မှု သေဆုံးသူ ၆၀ ကျော်အထိ ရှိလာနိုင်ဟုဆို
လန်ဒန် အထပ်မြင့် အဆောက်အအုံ မီးလောင်မှု လူ ၁၂ ဦးထက်မနည်း သေဆုံး
လန်ဒန်မှာ ၂၄ ထပ် အဆောက်အအုံ မီးအကြီးအကျယ်လောင်

Source & Photo: Daily Mail, BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ