AD
AD
AD

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အထက်တန်းကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမား သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့ (မတ်လ ၂၀ ရက်) ဒေသစံတော်ချိန် မနက်ပိုင်းက မေရီလန်းပြည်နယ် စိန့်မေရီကောင်တီရှိ Great Mills အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

play


ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာရခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးကိုလည်း ဆေးရုံမှာကုသပေးနေကြောင်း သိရပါတယ်။ သေနတ်သမားနဲ့ စာသင်ကျောင်းဝင်း လက်နက်ကိုင်အစောင့်တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သေနတ်သမားဟာ အစောင့်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခြင်းကို အတိအကျ မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမား မည်သူဖြစ်ကြောင်းကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

play


ပစ်ခတ်မှုဟာ Great Mills အထက်တန်းကျောင်းရဲ့ စင်္ကြလျှောက်လမ်းနေရာမှာ ဖြစ်ခဲ့ကြောင်း စိန့်မေရီကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ တင်မ်ကင်မ်ရွန်းက ပြောပါတယ်။ သေနတ်သမားက မိန်းကလေးတစ်ဦးကို ဦးစွာပစ်ခတ်ပြီးနောက် ယောက်ျားလေးကို ပစ်ခဲ့ကြောင်း တင်မ်က ရှင်းပြပါတယ်။

စာသင်ကျောင်းမှာ လုံခြုံရေးတာဝန်ကျ ရဲအရာရှိက ပစ်ခတ်မှုဖြစ်ကြောင်း သတင်းပေးပို့ခဲ့ကြောင်း၊ ရဲအရာရှိနဲ့ သေနတ်သမားတို့ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲအရာရှိက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

play


အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲအရာရှိ ဒဏ်ရာမရခဲ့ကြောင်းနဲ့ သေနတ်သမား သေဆုံးခဲ့မှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုအတွင်း သေနတ်ဒဏ်ရာရခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြင့် ဆေးရုံတင်ထားရပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဝါရှင်တန်ဒီစီမှ ၆၅ မိုင်အကွာ စိန့်မေရီကောင်တီမှာ တည်ရှိပြီး ကျောင်းသူကျောင်းသား ၁,၆၀၀ တက်ရောက်ပညာသင်ကြားနေကြောင်း သိရပါတယ်။ ဖလော်ရီဒါပြည်နယ် Parkland ရှိ အထက်တန်းကျောင်းမှာ လူ ၁၇ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် တစ်လအကြာမှာ ယခု စာသင်ကျောင်းပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD