AD
AD
AD

တောင်ကိုရီးယားမှာ GYM နဲ့ ချွေးထုတ်ခန်းပါ အဆောက်အအုံ မီးလောင်မှု


တောင်ကိုရီးယားနိုင်ငံ ဂျေချီအွန်းမြို့ (Jecheon) ရှိ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားခန်းမ (GYM) နဲ့ ချွေးထုတ်ခန်းပါရှိတဲ့ အဆောက်အအုံတစ်ခုမှာ ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


အထပ် ၈ ထပ်ပါ အဆိုပါ အဆောက်အအုံ မီးလောင်မှုအတွင်း သေဆုံးခဲ့သူအများစုဟာ ချွေးထုတ်ခန်းအတွင်း ရှိနေခဲ့ကြသူတွေ ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးလောင်မှုဟာ ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံတစ်ခုလုံးကို အလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့ကာ လူအများအပြား ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။

play


စစ်ဆေးမှုတွေအရ အဆောက်အအုံ မြေအောက်ထပ်ရှိ ကားပါကင်နေရာမှ မီးစတင်လောင်ခဲ့ပြီး အခြားအထပ်များသို့ လျင်မြန်စွာ ကူးစက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမှုတွေအရ အထပ် ၈ ထပ်ပါ အဆောက်အအုံဟာ မီးဟုန်းဟန်းတောက်နေပြီး မီးခိုးများလည်း ထူထပ်စွာ ထွက်ပေါ်နေခဲ့တာ တွေ့ရပါတယ်။

play


အဆောက်အအုံမှာ ပိတ်မိနေသူအချို့ဟာ အကူအညီရနိုင်ရန်အတွက် ပြတင်းပေါက်အပြင်ဘက် အစွန်အဖျားနေရာမှာ တွယ်ကပ်စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။ လူအချို့က ကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ထားတဲ့ လေမှုတ်မွေ့ယာတွေပေါ်ကို ခုန်ချခဲ့ကြတာ တွေ့ရပါတယ်။

play


မီးလောင်မှုကို မီးသတ်သမား ၁၀၀ ကျော်က မီးသတ်ကား ဒါဇင်နဲ့ချီ အသုံးပြုပြီး ငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။ အဆောက်အအုံရဲ့ ခေါင်းမိုးနေရာမှ လူ ၂၀ ခန့်ကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ၈ ထပ်အဆောက်အအုံမှာ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားခန်းမ (GYM) တစ်ခု၊ စားသောက်ဆိုင်တွေနဲ့ ချွေးထုတ်ခန်းတစ်ခုရှိကြောင်း သတင်းတွေက ဖော်ပြပါတယ်။

play


မီးလောင်မှုဖြစ်ပွားရာမှ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်ခဲ့မှုနဲ့ အဆိပ်သင့် ဓာတ်ငွေ့များထွက်ပေါ်ခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နှောင့်နှေးစေခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။

ယခု မီးလောင်မှုဖြစ်ခဲ့တဲ့ ဂျေချီအွန်းမြို့ဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့အရှေ့တောင်ဘက် ၁၀၄ မိုင်အကွာမှာ တည်ရှိကြောင်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အဆိုးရွားဆုံး မီးလောင်မှုအဖြစ် ၂၀၀၈ ခုနှစ်က အင်ချွန်းမြို့ရှိ ဂိုထောင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၄၀ သေဆုံးခဲ့ဖူးပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD