AD
AD
AD

ပြင်သစ်အနောက်တောင်ပိုင်းရှိ စူပါမတ်ကက်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သမားက စီးနင်းတိုက်ခိုက်ပြီး ဓားစာခံဖမ်းဆီးမှုအတွင်း ဓားစာခံတစ်ဦးအတွက် ကိုယ့်ကိုယ်ကိုယ် အသက်စွန့် အလဲအလှယ်လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အရာရှိဟာ သေနတ်ဒဏ်ရာနဲ့ ဓားဒဏ်ရာတို့ဖြင့် ယနေ့ (မတ်လ ၂၄ ရက်) ကွယ်လွန်သွားခဲ့ပါတယ်။

play
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် Super U စူပါမတ်ကက်


ယနေ့ ကွယ်လွန်သွားခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ရဲအရာရှိ အန်းနော့ဒ်ဘယ်လ်ထရီမီ (Arnaud Beltrame) ကို ကိုယ်ကျိုးစွန့်တဲ့ သူရဲကောင်းတစ်ဦးအဖြစ် ပြင်သစ်နိုင်ငံမှာ ဂုဏ်ပြုပြောဆိုနေကြပါတယ်။

ယမန်နေ့ (မတ်လ ၂၃ ရက်) ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်က ပြင်သစ်အနောက်တောင်ပိုင်း Trebes မြို့ရှိ Super U စူပါမတ်ကက်ကို သေနတ်သမားက စီးနင်းပစ်ခတ်ခဲ့ပြီးနောက် ဓားစာခံတွေကို ဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ပါတယ်။

play
ရဲအရာရှိ အန်းနော့ဒ်ဘယ်လ်ထရီမီ


အဆိုပါ ဖြစ်ရပ်ဟာ အစ္စလာမ်မစ်အကြမ်းသမား တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခ်ရွန်က ပြောခဲ့ပါတယ်။ အစ္စလာမ်မစ်အစွန်းရောက် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကလည်း ပြင်သစ်စူပါမတ်ကက် တိုက်ခိုက်မှုကို ၎င်းတို့အဖွဲ့ဝင်က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Super U စူပါမတ်ကက်အတွင်း အိုင်အက်စ်အကြမ်းဖက်သမားက စီးနင်းဝင်ရောက်ကာ ဈေးဝယ်သူတွေနဲ့ ဝန်ထမ်းတွေကို ပစ်ခတ်ခဲ့ပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က စူပါမတ်ကက်ကို ရောက်ရှိလာခဲ့ရာ ယခု သေဆုံးသွားခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ရဲအရာရှိ အန်းနော့ဒ်ဘယ်လ်ထရီမီ (Arnaud Beltrame) လည်း ပါဝင်ခဲ့ပါတယ်။

play

|
ရဲအရာရှိတွေက စူပါမတ်ကက်အတွင်းမှ လူအချို့ကို အပြင်ဘက်ကို ခေါ်ထုတ်နိုင်ခဲ့ပေမဲ့ အကြမ်းဖက်သမားက အမျိုးသမီးတစ်ဦးကို ၎င်းအတွက် လူသားဒိုင်းကာလုပ်ရန် ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးထားခဲ့ပါတယ်။ ရဲအရာရှိ အန်းနော့ဒ်က အဆိုပါ အမျိုးသမီးအား လွှတ်ပေးပြီး ၎င်းကို ဓားစာခံအဖြစ် ဖမ်းဆီးထားရန် အကြမ်းဖက်သမားကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ရဲအရာရှိက ၎င်းရဲ့ မိုဘိုင်းဖုန်းကို ဖုန်းဆက်သွယ်ထားကာ စူပါမတ်ကက်ရှိ​ စားပွဲတစ်ခုပေါ်မှာတင်ထားခဲ့ပြီး အပြင်ဘက်မှ ရဲတပ်ဖွဲ့က စူပါမတ်ကက်အတွင်းမှ အသံများကိုကြာသိနိုင်ရန် စီစဉ်ခဲ့ပါတယ်။ မကြာမီ သေနတ်သံများ ကြားခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က စူပါမတ်ကက်အတွင်း ထိုးဖောက်ဝင်ရောက်ကာ သေနတ်သမားကို အသေးပစ်သတ်ခဲ့ပါတယ်။

play


ထိုဖြစ်စဉ်အတွင်း ရဲအရာရှိ အန်းနော့ဒ်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာများရခဲ့ပြီးနောက် မတ်လ ၂၄ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။ စူပါမတ်ကက်ကို အကြမ်းဖက်သမားက စီးနင်းပစ်ခတ်မှုအတွင်း အစောပိုင်းမှာ ဈေးဝယ်သူတစ်ဦးနဲ့ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယခုအခါ စူပါမတ်ကက် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်အတွင်း ရဲအရာရှိ အန်းနော့ဒ်နဲ့ အကြမ်းဖက်သမား အပါအဝင် သေဆုံးသူလေးဦးအထိ ရှိလာခဲ့ပါတယ်။ Super U စူပါမတ်ကက် စီးနင်းတိုက်ခိုက်ခံရပြီး ဓားစာခံဖမ်းဆီးမှု ဖြစ်ရပ်အတွင်း လူ ၁၆ ဦးလည်း ဒဏ်ရာရခဲ့ပြီး နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ပါတယ်။

play


စူပါမတ်ကက်ကို စီးနင်းတိုက်ခိုက်ခဲ့သူဟာ အစ္စလာမ်မစ်အစွန်းရောက် အသက် ၂၅ နှစ်အရွယ် ရက်ဒိုအန်နီလက်ဒင်းမ် (Redouane Lakdim) ဖြစ်ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၎င်းက စူပါမတ်ကက်ကို စီးနင်းတိုက်ခိုက်ကာ ဓားစာခံဖမ်းဆီးထားခဲ့ပြီးနောက် လူ ၁၃၀ သေဆုံးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အသက်ရှင်လျက် ဖမ်းဆီးခံခဲ့ရသူ အကြမ်းဖက်သမား ဆာလား အဗ္ဗဒီစလမ်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်သမား လက်ဒင်းမ်

- ၁၉၉၂ ခုနှစ်၊ ဧပြီလအတွင်း မော်ရိုကိုနိုင်ငံမှာ မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသား ခံယူထားပါတယ်။ ပြင်သစ်ထောက်လှမ်းရေးတွေက သိရှိထားသူလည်း ဖြစ်ပါတယ်။

- လက်ဒင်မ်းဟာ အစွန်းရောက်စောင့်ကြည့်စာရင်းမှာ ပါဝင်နေသူဖြစ်ပေမဲ့ ထောက်လှမ်းရေးတွေရဲ့ စုံစမ်းမှုတွေအရ အကြမ်းဖက်တိုက်ခိုက်မှု လက္ခဏာမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

play
အကြမ်းဖက်သမား လက်ဒင်းမ်


- ၎င်းကို ၂၀၁၁ ခုနှစ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်မှာလည်း မူးယစ်ဆေးသုံးစွဲမှုနဲ့ တရားရုံးအမိန့် ဆန့်ကျင်မှုတို့ဖြင့် အရေးယူခဲ့ကြောင်း သိရပါတယ်။

- လက်ဒင်းမ်ဟာ Carcassonne မြို့ရှိ တိုက်ခန်းတစ်ခန်းမှာ မိဘများနဲ့ ညီမအချို့နဲ့အတူ နေထိုင်ခဲ့ပါတယ်။

ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ

အောက်တိုဘာ ၁ ရက်၊ ၂၀၁၇ - မာဆေးလ်မြို့ ရထားဘူတာရုံမှာ အမျိုးသားနှစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြေင်း ပြောခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်၊ ၂၀၁၆ - နော်မန်ဒီဒေသ Saint-Etienne-du-Rouvray ရှိ ခရစ်ယာန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးကို တိုက်ခိုက်သူနှစ်ဦးက လည်ပင်းလှီးသတ်ခဲ့ပါတယ်။ ၎င်းတို့ကို ရဲတပ်ဖွဲ့ အသေပစ်သတ်ခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်၊ ၂၀၁၆ - နိစ်မြို့ကမ်းခြေလမ်းမတစ်လျှောက်မှာ ပြင်သစ်အမျိုးသားနေ့ အထိမ်းအမှတ် မီးရှူးမီးပန်း ပစ်ဖောက်မှုတွေကို ကြည့်ရှုနေတဲ့ လူအုပ်စုကို ကုန်တင်ကားကြီးတစ်စီးဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ပါတယ်။

တူနီးရှားနွယ်ဖွား ကုန်တင်ကားမောင်းသူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ပြောခဲ့ပါတယ်။

play
၂၀၁၅ ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု မြင်ကွင်းတစ်ခု

 

ဇွန် ၁၃ ရက်၊ ၂၀၁၆ - ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ၎င်းရဲ့ အဖော်ဖြစ်သူတို့ကို ပါရီမြို့အနောက်ပိုင်း Magnanville ရှိ နေအိမ်မှာ ဂျီဟတ်ဝါဒီတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ကို သစ္စာခံထားကြောင်း ပြောဆိုထားတဲ့ အဆိုပါ အကြမ်းဖက်သမားကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၅ - အိုင်အက်စ်အကြမ်းဖက်သမားတွေက ပါရီမြို့ရှိ ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ Batalclan ဂီတဖျော်ဖြေပွဲနေရာနဲ့ အားကစားကွင်းတို့မှာ ဗုံးခွဲမှုနဲ့ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃၀ သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်မှ ၉ ရက်၊ ၂၀၁၅ - ပါရီမြို့ရှိ သရော်စာမဂ္ဂဇင်း Charlie Hebdo ရုံးခန်းကို အစ္စလာမစ် သေနတ်သမားနှစ်ဦး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ နောက်တစ်ရက်မှာလည်း အစ္စလာမ်မစ်စစ်သွေးကြွတစ်ဦးက အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပါရီမြို့ရှိ ဂျူလူမျိုးပိုင် စူပါမတ်ကက်တစ်ခုကို စီးနင်းပြီး ဓားစာခံများ ဖမ်းဆီးထားမှု ဖြစ်ခဲ့ပါတယ်။

အဆိုပါ စစ်သွေးကြွက ဓားစာခံလေးဦးကို သတ်ပစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းကို အသေပစ်သတ်ခဲ့ပါတယ်။ အခြား သေနတ်သမားနှစ်ဦးကိုလည်း ဝိုင်းပတ်ပိတ်ဆို့ကာ ဖမ်းဆီးခဲ့မှုအတွင်း ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD