AD
AD
AD

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၂၇ ရက် (မနက်ဖြန်) မှာ နှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယားနိုင်ငံဘက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play


ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတဲ့ နောက်ဆုံးရ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

သမိုင်းဝင်မယ့် ထိပ်သီးတွေ့ဆုံမှု

ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များထိပ်သီးတွေ့ဆုံမှုဟာ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း တတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

play


ယခင် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်း၊ ရိုမိုဟွန်းတို့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ပြုလုပ်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်နည်းပညာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်မှာ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြစဉ်ကတည်းက အလွန်တိုးတက်နေပြီဖြစ်ရာ ၎င်းရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိရန် ခက်ခဲနိုင်တယ်လို့ တောင်ကိုရီးယားက ပြောထားပါတယ်။

ထိပ်သီးတွေ့ဆုံပွဲ အစီအစဉ်အချို့

- ထိပ်သီးဆွေးနွေးပွဲအတွက် အစီအစဉ်တွေကို အချိန်ဇယားများနဲ့ ပြင်ဆင်ထားပြီး ညစာစားပွဲရဲ့ အစားအသောက်စာရင်းအထိ ပါဝင်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ၎င်းရဲ့ အဖွဲ့ဝင်ကိုးဦးကို နှစ်နိုင်ငံနယ်စပ်မျဉ်းနေရာမှာ ကြိုဆိုတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

- တောင်ကိုရီးယားဂုဏ်ပြုတပ်ဖွဲ့က ကင်မ်ဂျုံအန်နဲ့ ကိုယ်စားလှယ်အဖွဲကို အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုပြီး နှစ်နိုင်ငံနယ်စပ် Panmunjom ကျေးရွာရှိ စစ်မဲ့ဇုန်အတွင်း စစ်တပ်အဆောက်အအုံကို လိုက်ပါပို့ဆောင်မယ်လို့ သိရပါတယ်။

play


- မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ တရားဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးမှုကို ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲ (မြန်စံတော်ချိန် မနက် ၈ နာရီ) အချိန် Panmunjom ကျေးရွာရှိ Peace House မှာ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။ ထို့နောက် ပထမပိုင်း ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံခေါင်းဆောင်တွေက သီးခြားစီ နေ့လယ်စာသုံးဆောင်ကြမယ်လို့ ဆိုပါတယ်။

- နေ့လယ်စာသုံးဆောင်ရာမှာ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က ၎င်းတို့နိုင်ငံဘက်ခြမ်းကို ပြန်လည်သွားရောက်မှာလည်း ဖြစ်ပါတယ်။ နေ့လယ်ပိုင်း ထိပ်သီးတွေ့ဆုံပွဲ အခမ်းအနားမှာတော့ မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့က နှစ်နိုင်ငံလုံးမှ မြေကြီးနဲ့ရေကိုသုံးပြီး ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု အထိမ်းအမှတ်အဖြစ် ထင်းရှူးပင်စိုက်ကြမယ်လို့ ဆိုပါတယ်။

play


- သစ်ပင်စိုက်ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေက နောက်တစ်ကြိမ် ဆွေးနွေးမှုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ညစာမသုံးဆောင်မီ ထုတ်ပြန်သွားမယ့် သဘောတူညီချက်နဲ့ ပူးတွဲထုတ်ပြန်ချက်ကို နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ရေးထိုးကာ အပြီးသတ်ရန် စီစဉ်ထားပါတယ်။

- ညစာစားပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံဘက်မှာ တည်ခင်းဧည့်ခံသွားမှာဖြစ်ပြီး အထူးပြင်ဆင်ထားတဲ့ အစားအသောက်စာရင်းကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကင်မ်ဂျုံအန်က ဆွစ်ဇာလန်မှာ ပညာသင်ကြားခဲ့စဉ် အကြိုက်တွေ့ခဲ့တဲ့ Swiss potato dish rösti ခေါ် ဆွစ်ဇာလန် အစားအစာ၊ မြောက်ကိုရီးယားရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ခေါက်ဆွဲအအေးနဲ့ မြောက်ကိုရီးယားအရက်တို့ကို သုံးဆောင်မယ်လို့ ဆိုပါတယ်။

- ညစာစားပွဲအပြီးမှာတော့ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေက 'Spring of One' အမည်ရှိ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုကြမှာ ဖြစ်ပါတယ်။ ဗီဒီယိုကြည့်ရှုအပြီးမှာ ကင်မ်ဂျုံအန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲက တောင်ကိုရီးယားကနေ ပြန်လည်ထွက်ခွာကြမယ်လို့ သိရပါတယ်။

ကင်မ်ဂျုံအန်နဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့

ကင်မ်ဂျုံအန်နဲ့အတူ ၎င်းရဲ့ညီမ ကင်မ်ယိုဂျောင်း၊ မြောက်ကိုရီးယားအစိုးရအဖွဲ့မှ ကင်မ်ယောင်နမ် အပါအဝင် အရေးပါတဲ့ ထိပ်တန်းပုဂ္ဂိုလ်ကိုးဦး ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ကင်မ်ယိုဂျောင်းက တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲသို့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အတူ တက်ရောက်ခဲ့ပါတယ်

ယခု ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲမှာ ယခင်နှစ်ကြိမ်နဲ့မတူဘဲ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ စစ်ဘက်ဆိုင်ရာနဲ့ သံတမန်ရေးရာ ထိပ်တန်းအဆင့် တာဝန်ရှိသူတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

play
ကင်မ်ယိုဂျောင်း


ကင်မ်ဂျုံအန်ဟာ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း နယ်စပ်ကိုဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံဘက်ကို ရောက်ရှိလာတဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာပါမယ်။ ကင်မ်ဂျုံအန်က နှစ်နိုင်ငံနယ်စပ်မျဉ်းကို ဖြတ်ကျော်လာပြီး တောင်ကိုရီးယားပိုင်နက်အတွင်း ရောက်ရှိလာမှာဖြစ်ပေမဲ့ စစ်မဲ့ဇုန်အတွင်းမှာသာ ရှိနေမှာဖြစ်ပါတယ်။

အဓိကထား ဆွေးနွေးသွားမယ့်ကိစ္စ

မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ဟာ ဒေသစံတော်ချိန် ဧပြီ ၂၇ ရက်၊ မနက် ၉ နာရီခွဲ (မြန်မာစံတော်ချိန် မနက် ၇ နာရီ) မှာ ကနဦးအနေနဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံကြမယ်လို့ သိရပါတယ်။ သမိုင်းဝင် ထိပ်သီးတွေ့ဆုံရာမှာ မြောက်ကိုရီးယားက လတ်တလော အရိပ်အမြွက် ပြောဆိုနေတဲ့ ၎င်းရဲ့ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးကို အဓိကထား ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ယခင်က ပြုလုပ်ခဲ့တဲ့ ထိပ်သီးတွေ့ဆုံမှုနှစ်ကြိမ်

ဇွန် ၁၃-၁၅၊ ၂၀၀၀ ပြည့်နှစ်

- တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်တို့ ပြုံယမ်းမြို့မှာ ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

- စစ်အေးကာလမှ တင်းမာမှုတွေကိုလျှော့ချပြီး ပြန်လည်ပေါင်းစည်းရေး ပိုမိုတိုးမြှင့် ဆောင်ရွက်ကြရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

play
ကင်မ်ဒေဂျွန်နဲ့ ကင်မ်ဂျုံအီလ်


- တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားမှ မြင်ကွင်းတွေကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။

- ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲအပြီး နောက်ပိုင်းမှတော့ ထိုသို့ တွေ့ဆုံရန်အတွက် မြောက်ကိုရီးယားကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ လျှို့ဝှက်ပေးအပ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ ၂-၄၊ ၂၀၀၇ ခုနှစ်

- တောင်ကိုရီးယားသမ္မတ ရိုမိုဟွန်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်တို့ ပြုံယမ်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

- ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေးနဲ့ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီမှုအတွက် ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။

play
ရိုမိုဟွန်းနဲ့ ကင်မ်ဂျုံအီလ်


- ခရီးသွားလာမှု၊ ကုန်သွယ်မှုနဲ့ နိုင်ငံရေးဆက်ဆံမှုတွေ ပြုလုပ်ကြရန် သဘောတူခဲ့ပြီး အနာဂတ်ကာလမှာ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း မကြာခဏ ပြုလုပ်သွာ့းရန် သဘောတူခဲ့ကြပါတယ်။

- တောင်ကိုရီးယားသမ္မတ ရိုမွန်ဟွန်းက အခိုင်အမာ ပိုင်းခြားထားပြီး အစောင့်အကြပ် ထူထပ်စွာချထားတဲ့ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ခဲပြီး ပေ ၁၀၀ နီးပါး လမ်းလျှောက်သွားခဲ့ပါတယ်။ ထို့နောက် မော်တော်ယာဉ်တန်းနဲ့အတူ ထိပ်သီးဆွေးနွေးပွဲကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆက်တွဲသတင်း

- ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း နယ်စပ်မျဉ်းနေရာမှာ တွေ့ဆုံမှုနဲ့အတူ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ စတင်

- နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များ ကြေညာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD