AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကို စင်ကာပူနိုင်ငံမှာ လာမယ့် ဇွန်လ ၁၂ ရက်မှာ ပြုလုပ်သွားမယ်လို့ ယမန်နေ့ (မေလ ၁၀ ရက်) က ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်


မြောက်ကိုရီးယားက ဖမ်းဆီးထားခဲ့တဲ့ အမေရိကန်အကျဉ်းသားသုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက် နာရီပိုင်းမျှအကြာမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့် ရက်နဲ့နေရာကို သမ္မတထရန့်က ၎င်းရဲ့ Twitter မှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

play
ဒေါ်နယ်ထရန့်က Twitter မှာ ရေးသားထားမှု


"ကျွန်တော်တို့နှစ်ယောက်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရမ်းကို ထူးခြားတဲ့အခိုက်အတန့်ဖြစ်အောင် ကြိုးပမ်းသွားကြမှာပါ" လို့ ထရန့်က ဆိုပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲကို လက်ခံကျင်းပရတဲ့အတွက် စင်ကာပူနိုင်ငံက ဝမ်းမြေက်ကျေနပ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

"ဒီ တွေ့ဆုံဆွေးနွေးမှုက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေကို ဖော်ဆောင်နိုင်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်" လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

play
မြေက်ကိုရီးယားဒုံးကျည်များ အကွာအဝေး ရောက်ရှိနိုင်မှု ခန့်မှန်းချက်


ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံပွဲမှာ မြောက်ကိုရီးယားရဲ့ လျင်မြန်စွာ တိုးတက် အကောင်အထည်ဖော်နေတဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်တွေကို အဓိကထား ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ပြုံယမ်းသို့သွားရောက်နေစဉ်အတွင်း တွေ့ဆုံပွဲရက်နဲ့နေရာကို ထုတ်ပြန်ကြေညာမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play
ပွန်မ်ပီအိုနှင့် ကင်မ်ဂျုံအန်


အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ အပြန်အလှန် တိုက်ခိုက်ပြောဆိုမှုနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။ သို့သော် ယခုနှစ် မတ်လအတွင်းမှာတော့ ကင်မ်ဂျုံအန်က တွေ့ဆုံဆွေးနွေးမယ့် ကမ်းလှမ်းမှုကို ထရန့်ကလည်း အံ့အားသင့်ဖွယ် လက်ခံခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးတို့ တွေ့ဆုံဆွေးနွေးမှု ယခင်က မရှိခဲ့ရာ ထရန့်နဲ့ကင်မ် တွေ့ဆုံဆွေးနွေးမှုဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ယခုနှစ်အစောပိုင်းမှစပြီး သံတမန်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

play
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး သမိုင်းဝင်တွေ့ဆုံမှု


တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဟာလည်း တိုးတက်လာခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတကလည်း အထူးသံတမန်အဖွဲ့စေလွှတ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးစေခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာတော့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားပိုင်နက်အတွက်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ မေ ၈ ရက်မှာ တွေ့ဆုံခဲ့စဉ်


ကင်မ်ဂျုံအန်ဟာ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မတ်လကုန်ပိုင်းမှာလည်းကောင်း၊ ယခုသီတင်းပတ်အတွင်း မေလ ၈ ရက်မှာလည်းကောင်း တရုတ်နိုင်ငံသို့သွားရောက်ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

ကင်မ်ဂျုံအန်က တောင်ကိုရီးယားသမ္မတ၊ အမေရိကန်သမ္မတို့နဲ့ ထိပ်သီးဆွေးနွေးပွဲတွေမတိုင်မီ တရုတ်သမ္မတရှီကျင်းပင်ကို သွားရောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပြီး သံတမန်အရေးမှာ တရုတ်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ထင်ဟပ်စေတယ်လို့ သုံးသပ်ကြထားကြပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD