International News: ကမ္ဘာတစ်ဝန်း HIV ပိုးရှိနေသူ ထက်ဝက်နီးပါးက ပိုးရှိနေကြောင်း မသိကြ

ကမ္ဘာတစ်ဝန်း HIV ကူးစက်မှုနှုန်း ကျဆင်းမှုဟာ ရပ်တန့်နေခဲ့ပြီး နှစ်စဉ် လူပေါင်း ၂.၁ သန်းမှာ HIV ကူးစက်မှုဖြစ်နေပါတယ်။

play


တစ်ကမ္ဘာလုံး အတိုင်းအတာအရ HIV ပိုးရှိနေသူ ၃၇ သန်းအနက် ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၁၄ သန်းကျော်ဟာ ပိုးရှိနေတဲ့ ၎င်းတို့ရဲ့အခြေအနေကို မသိကြကြောင်း WHO က ခန့်မှန်းထားပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများမှ HIV ဗိုင်းရပ်စ်ရှိသူ ခုနစ်ဦးမှာ တစ်ဦးဟာလည်း ၎င်းတို့ထံမှာ အဆိုပါဗိုင်းရပ်စ် ရှိနေခြင်းကို မသိကြကြောင်းနဲ့ ထိုအခြေအနေတွေက ၂၀၃၀ ခုနှစ်မှာ AIDS ရောဂါကို အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် စိုးရိမ်ဖွယ်ရာ အဟန့်အတားဖြစ်နေကြောင်း ကျန်မားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

play


ကမ္ဘာတစ်ဝန်း HIV ကူးစက်မှုနှုန်း ကျဆင်းမှုဟာလည်း ရပ်တန့်နေခဲ့ပြီး နှစ်စဉ် လူပေါင်း ၂.၁ သန်းမှာ HIV ကူးစက်မှုဖြစ်နေပါတယ်။ ခန့်မှန်းခြေအားဖြင့် HIV ဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ ရောဂါစစ်ဆေးတွေ့ရှိမှု ကြားကာလမှာ လေးနှစ်ကြာမြင့်ပြီး ထိုသို့ HIV ကူးစက်ခံရသူ ထက်ဝက်ခန့်ဟာ AIDS ရောဂါဖြစ်ပွားမှု နောက်ဆုံးအဆင့် မရောက်မီအထိ ရောဂါစစ်ဆေးမှု မရှိကြောင်း ဒီဇင်ဘာ ၁ ရက်နေ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day) အကြို ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

play


ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေး ဥရောပဌာန (ECDC) ရဲ့ အစီရင်ခံစာအရ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံနဲ့ နော်ဝေး၊ အိုက်စလန်းနဲ့ လီချက်စတိန်းတို့မှာ နေထိုင်တဲ့ လူဦးရေ ၈၁၀,၀၀၀ ဝန်းကျင်မှာ HIV ဗိုင်းရပ်စ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါ လူဦးရေအနက် ၁၂၂,၀၀၀ ဟာ ၎င်းတို့ထံမှာ HIV ရှိနေကြောင်း မသိကြဘူးလို့လည်း ECDC က ခန့်မှန်းထားပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများမှာ ယမန်နှစ်အတွင်းက HIV ပိုးရှိသူ ၃၀,၀၀၀ နီးပါး အသစ်တွေ့ရှိခဲ့ရကြောင်းလည်း ECDC နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။ HIV ပိုးရှိနေမှုကို မသိထားသူတွေအတွက် အန္တရာယ်ရှိကြောင်း ECDC ညွှန်ကြားရေးမှူးက သတိပေးပြောကြားပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများအတွင်း HIV ကူးစက်မှုဟာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းကြောင့် အဓိကဖြစ်ပြီး ကူးစက်မှုအားလုံးရဲ့ ၄၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ အမျိုးသား လိင်ဆက်ဆံခြင်းမှ HIV ကူးစက်မှုဟာ ကူးစက်မှုအားလုံးရဲ့ သုံးပုံတစ်ပုံအောက်သာရှိပြီး မူးယစ်ဆေးထိုးခြင်းကြောင့် HIV ကူးစက်မှုမှာ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း ECDC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Source & Photo: Reuters, ECDC, WHO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ