AD
AD
AD

အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကျောင်းသူကျောင်းသားများ ဦးဆောင်တဲ့ သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် တောင်းဆိုဆန္ဒပြပွဲတွေ ပြုလုပ်ကြကြောင်း သိရပါတယ်။

play


March For Our Lives လို့ အမည်ပေးထားတဲ့ စုရုံးချီတက်ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့လအတွင်း လူ ၁၇ ဦး သေဆုံးခဲ့တဲ့ ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲစီစဉ်သူတွေရဲ့ အဆိုအရ ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ့် စုရုံးချီတက် ဆန္ဒပြပွဲကို လူဦးရေငါးသိန်းအထိ ပါဝင်မှာဖြစ်ပြီး ယမန်နှစ်အတွင်းက အမျိုးသမီးများ ဆန္ဒပြပွဲပြီးနောက် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်လာမယ်လို့ သိရပါတယ်။

play


အမေရိကန်နိုင်ငံတစ်ဝှမ်း အလားတူ ဆန္ဒပြမှု ၈၀၀ ကျော် ပြုလုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် ဆန္ဒပြတောင်းဆိုမှုကို ထောက်ခံကြတဲ့ စုရုံးချီတက်ပွဲတွေကို လန်ဒန်၊ အီဒင်ဘတ်ဂ်၊ ဂျီနီဗာ၊ ဆစ်ဒနီနဲ့ တိုကျိုမြို့တို့မှာလည်း ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် နီကိုလက်စ် ခရုဇ်အမည်ရှိ ကျောင်းသားက ပစ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

play


အဆိုပါ အထက်တန်းကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်မှာ သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်တဲ့ ဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

မတ်လ ၂၄ ရက်က အမေရိကန်နိုင်ငံတစ်ဝှမ်း သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် တောင်းဆိုကြတဲ့ March For Our Lives ဆန္ဒပြပွဲကို အထက်တန်းကျောင်းပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ Parkland မြို့မှာလည်း ပြုလုပ်ခဲ့ပြီး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက ဟောပြောခဲ့ကြပါတယ်။

play


အမေရိကန်မှာ သေနတ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး သဘောထားအမြင် ကွဲလွဲမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သေနတ်ကိုင်ဆောင်ခွင့်ပြုထားပြီး အမျိုးသားရိုင်ဖယ်အဖွဲ့အစည်း (National Rifle Association - NRA) ရဲ့ စည်းရုံးလှုံ့ဆော်မှုကလည်း သေနတ်ကိုင်ဆောင်ခွင့်ရှိရေးမှာ ကြီးမားစွာ သြဇာသက်ရောက်မှုရှိနေပါတယ်။

သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် တောင်းဆိုသူတွေကတော့ ချေမှုန်းရေးရိုင်ဖယ်သေနတ်များ ရောင်းချမှုကိုပိတ်ပင်ရန် အပါအဝင် ဥပဒေပြင်ဆင်ရန် တွန်းအားပေးနေကြောင်း သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန် - နှစ် ၂၀ အတွင်း အမေရိကန် စာသင်ကျောင်းပစ်ခတ်မှုများ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD