လူ ၇၁ ဦး သေဆုံးခဲ့တဲ့ ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရမှုဟာ လေယာဉ်ရဲ့ အမြန်နှုန်းအာရုံခံ ကိရိယာတွေပေါ်မှာ ရေခဲနေခဲ့မှုကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချထားတယ်။

play
လေယာဉ်ပျက်ကျမှု နေရာပြမြေပုံ


ရေခဲနေတဲ့ ထိုကိရိယာတွေထံမှ လေယာဉ်မှူးအခန်းမှာ မှားယွင်းတဲ့ အမြန်နှုန်းအချက်အလက်တွေကို ပြသခဲ့ပုံရကြောင်း ရုရှားနိုင်ငံရဲ့ Interstate Aviation Committee က သုံးသပ်ထားပါတယ်။

Saratov လေကြောင်းလိုင်းမှ Antonov An-148 လေယာဉ်ဟာ မော်စကိုမြို့မှ ရုရှားနဲ့ ကာဇက်စတန် နယ်စပ်အနီး Ural တောင်တန်းဒေသရှိ Orsk မြို့ကို ဦးတည်ပျံသန်းစဉ် ဖေဖေါ်ဝါရီ ၁၁ ရက်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play
လေယာဉ်ပျက်အစိတ်အပိုင်းတစ်ခု


လေယာဉ်ပျက်မကျမီ လေယာဉ်မှူးများထံမှ အရေးပေါ်ဆက်သွယ်မှု မရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရန်အတွက် လေယာဉ်ပျက်ကျရာနေရာမှာ လူ ၇၀၀ ကျော်ပါဝင်တဲ့အဖွဲ့က ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပါတယ်။

play
လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာနှင့် အသံဖမ်းစက်


လေယာဉ်ပျက်ကျရာနေရာမှာ နှင်းများထူထပ်စွာ ကျရောက်ထားတာကြောင့် ရှာဖွေရေးလုပ်ငန်းများ အခက်အခဲ ဖြစ်ခဲ့ရကြောင်းလည်း သိရပါတယ်။ An-148 လေယာဉ်ပေါ်မှာ ခရီးသည် ၆၅ ဦးနဲ့ လေယာဉ်အမှုထမ်းခြောက်ဦးတို့ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

play
An-148 လေယာဉ်မှ လေယာဉ်မှူးတစ်ဦး


လေယာဉ်ဟာ မော်စကိုမြို့ရှိ ဒိုမိုဒီဒိုဗို (Demodedovo) လေဆိပ်ကနေ ထွက်ခွာပျံသန်းသွားပြီးနောက် မိနစ်ပိုင်းအကြာမှာ မော်စကိုမြို့ အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာရှိ Argunovo မြို့ငယ်အနီး ပျက်ကျခဲ့ပါတယ်။

play
လေယာဉ်ပျက်တဲ့နေရာမှာ စုံစမ်းစစ်ဆေးမှုအတွက် ရှာဖွေနေစဉ်


An-148 လေယာဉ်ဟာ လေဆိပ်မှတက်သွားပြီးနောက် တစ်မိနစ်လျှင် ပေ ၃,၃၀၀ နှုန်းဖြင့် နိမ်ဆင်းလာခဲ့ကြောင်း လေယာဉ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားပါတယ်။

ဆက်စပ်သတင်း - ရုရှားခရီးသည်လေယာဉ် မော်စကိုမှပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျ

လတ်တလောနှစ်များအတွင်း ရုရှားလေယာဉ်ပျက်ကျမှုကြီးနှစ်ခု

- ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က Tu-154 ရုရှားစစ်ဘက်လေယာဉ်တစ်စီး ပင်လယ်နက်အတွင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၉၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ထိုလေယာဉ်ပျက်မှုဟာ လေယာဉ်မှူးအမှားကြောင့် ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေက သုံးသပ်ခဲ့ပါတယ်။

- ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က Airbus A321 ရုရှားလေယာဉ်တစ်စီး အီဂျစ်နိုင်ငံ စီနိုင်းဒေသမှာ ပျက်ကျခဲ့မှုကြောင့် လိုက်ပါသွားသူ ၂၂၄ ဦးလုံး သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက အဆိုပါလေယာဉ်ပေါ်မှာ ဗုံးထောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

play
ပျက်ကျခဲ့တဲ့ An-148 အမျိုးအစား လေယာဉ်ကိုတွေ့ရစဉ်

Saratov လေကြောင်းလိုင်း

Saratov လေကြောင်းလိုင်းဟာ ရုရှားမြို့တော် မော်စကို အရှေ့တောင်ဘက် ၅၂၁ မိုင်အကွာရှိ Saratov မြို့မှာ အခြေစိုက်ထားပါတယ်။

၂၀၁၅ ခုနှစ်မှာ Saratov လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို ရှောင်တခင် စစ်ဆေးခဲ့ရာမှာ လေယာဉ်မှူးအခန်းအတွင်း လေယာဉ်အမှုထမ်းမဟုတ်သူကို တွေ့ရှိခဲ့ရတာကြောင့် နိုင်ငံတကာခရီးစဉ်များ ပျံသန်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

ထို့နောက် လေကြောင်းလိုင်းက ပိတ်ပင်မှုကို အယူခံဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာခရီးစဉ်တွေ ပျံသန်းခွင့်ပြန်ရခဲ့ပါတယ်။ Saratov လေကြောင်းလိုင်းဟာ အဓိကအားဖြင့် ရုရှားမြို့ကြီးများကြား လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး အာမေးနီးယားနဲ့ ဂျောဂျီယာနိုင်ငံတို့ကိုလည်း ပျံသန်းနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video