AD
AD
AD

အိန္ဒိယလွှတ်တော်အမတ်နဲ့ ကုလသမဂ္ဂအရာရှိဟောင်း ရှာရှီသရိုးကို ၂၀၁၄ ခုနှစ်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုမှာ အားပေးကူညီမှုဖြင့် စွဲချက်တင်လိုက်ပါတယ်။ အိန္ဒိယလွှတ်တော်အမတ်ရဲ့ဇနီး ဆူနန်ဒါပွတ်ရှ်ကာဟာ အကြောင်းရင်းမသိနိုင်တဲ့ ပုံစံမျိုးဖြင့် သေဆုံးခဲ့ပါတယ်။

play
၂၀၁၀ ခုနှစ် မင်္ဂလာပွဲမှာ တွေ့ရသည့် ရှာရှီနှင့် ပွတ်ရှ်ကာ


ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသမီး သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြင့် ကနဦး သတ်မှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တစ်စုံတစ်ဦးက သတ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူသတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူရဲ့အမည်ကိုတော့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒေလီရဲတပ်ဖွဲ့က လွှတ်တော်အမတ်ရှာရှီကို သေကြောင်းကြံစည်ရာမှာ အားပေးကူညီမှုနဲ့ ဇနီးကိုနှိပ်စက်မှုတို့ဖြင့် မေလ ၁၄ ရက်မှာ စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ လွှတ်တော်အမတ်ကတော့ ရယ်စရာကောင်းပြီ ယုတ္တိမရှိတဲ့ ၎င်းအပေါ်စွဲချက်ကို အခိုင်အမာ ခုံခချေပသွားမယ်လို့ Twitter မှာ ပြောထားပါတယ်။

play
ရှာရှီက စွဲချက်တင်ခံရမှုကို Twitter မှာ တုံ့ပြန်ပြောထားမှု


အိန္ဒိယဥပဒေအရ ရှာရှီကို စွဲချက်တင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသူကို အားပေးကူညီမှုဟာ ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ငွေဒဏ်ချမှတ်နိုင်ကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပြီး ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိထားတဲ့ ရှာရှီဟာ အိန္ဒိယ အဓိကအတိုက်အခံ Congress ပါတီမှ လွတ်တော်အမတ်ဖြစ်ပါတယ်။ ၎င်းဟာ ဇနီးဖြစ်သူ ပွတ်ရှ်ကာကို ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ရှာရှီရဲဇနီး ပွတ်ရှ်ကာဟာ ယခင်က ဒူဘိုင်းအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူမကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ဒေလီမြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ပွတ်ရှ်ကာ သေဆုံးမှုအကြောင်းရင်းကို တိကျရှင်းလင်းစွာ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

play
လွှတ်တော်အမတ်ရှာရှီ စုံတွဲ


ကနဦး စစ်ဆေးမှုတွေအရ ပွတ်ရှ်ကာဟာ ဆေးဝါးလွန်ကဲမှုကြောင့် သေဆုံးခဲ့တယ်လို့ ကောက်ချက်ချထားခဲ့ပါတယ်။ အိန္ဒိယသတင်းတွေကလည်း ပွတ်ရှ်ကာဟာ ဆေးသောက်နေရသူ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ ပွတ်ရှ်ကာဟာ အဆိပ်သင့်ခဲ့ပုံရကြောင်းနဲ့ ခန္ဓကိုယ်မှာ ဆေးထိုးအပ်ရာများလည်းရှိခဲ့ကြောင်း သိရပါတယ်။

သူမရဲ့လက်မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲထားတဲ့ ဒဏ်ရာတစ်ခုလည်း တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ပွတ်ရှ်ကာ မသေဆုံးမီက သူမတို့ ဇနီးမောင်နှံဟာ Twitter မှာ အချေအတင် ပြောဆိုမှုတွေရှိခဲ့ကြောင်း သိရပါတယ်။ လွှတ်တော်အမတ်ရှာရှီက ပါကစ္စတန်သတင်းထောက်တစ်ဦးနဲ့ ငြိစွန်းနေခဲ့မှုနဲ့ ပတ်သက်ပြီး ၎င်းတို့နှစ်ဦး စကားများခဲ့ကြပုံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

play
ကုလသမဂ္ဂမှာ အကြီးတန်းအရာရှိအဖြစ် အလုပ်လုပ်ခဲ့သည့် ရှာရှီ


သို့သော်လည်း နောက်ပိုင်းမှာတော့ လွှတ်တော်အမတ် ဇနီးမောင်နှံက ၎င်းတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေပျော်ရွှင်နေကြောင်းနဲ့ Twitter ပို့စ်တွေကြောင့် ရှုပ်ထွေးမှုတွေဖြစ်ခဲ့ကြောင်း ပြောခဲ့ကြပါတယ်။ သံတမန်တစ်ဦးအဖြစ် ၂၅ နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးတဲ့ ရှာရှီဟာ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန် လက်ထက်က ကုလသမဂ္ဂမှာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ အကြီးတန်းအရာရှိအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။

play
ကိုဖီအာနန်နှင့်အတူ တွေ့ရသည့် ရှာရှီ


ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဘန်ကီမွန်း စတင်တာဝန်ယူခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ ရှာရှီဟာ ကုလသမဂ္ဂကနေ ထွက်ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့ပါတယ်။ သို့သော် ၂၀၁၀ ခုနှစ်မှာ ၎င်းရဲ့ ပထမဆုံး ဝန်ကြီးဌာနဆိုင်ရာ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

ရှာရှီဟာ ခရစ်ကတ်အသင်းတစ်သင်းကို အရောင်းအဝယ်ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တာကြောင့် ရာထူးမှနုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ရှာရှီဟာ ဝန်ကြီးချုပ် မန်မိုဟင်ဆင်းဂ် လက်ထက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လူ့စွမ်အားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD