AD
AD
AD

အိန္ဒိယနိုင်ငံမှ ဇာတ်နိမ့်မျိုးနွယ်အဖြစ် သတ်မှတ်ထားတဲ့ လယ်သမားလူငယ်တစ်ဦးဟာ မြင်းတစ်ကောင် ပိုင်ဆိုင်ခဲ့မှုကြောင့် ရိုက်နှက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play
အသတ်ခံရသည့် ဇာတ်နိမ့်အမျိုးသားနှင့် ၎င်း၏မြင်းကို တွေ့ရစဉ်


ဂူဂျာရတ်ပြည်နယ် ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇာတ်မြင့်မျိုးနွယ် အမျိုးသားသုံးဦးကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ သေဆုံးသူရဲ့ဖခင်က ပြောကြားမှုအရ ၎င်းရဲ့သားကို မြင်းမစီးရန်နဲ့ မြင်းစီးခြင်းဟာ ဇာတ်မြင့်မျိုးနွယ်တွေရဲ့ အခွင့်ထူးသာ ဖြစ်တယ်လို့ သတိပေးမှုရှိခဲ့ကြောင်းလည်း သိရပါတယ်။

အိန္ဒိယ ဒေသအများအပြားမှာ မြင်းတစ်ကောင် ပိုင်ဆိုင်မှုဟာ သြဇာရှိမှုနဲ့ ချမ်းသာကြွယ်မှု ပြယုဂ်ဖြစ်တယ်လို့ ထင်မြင်ယူဆထားကြပါတယ်။ ဇာတ်နိမ့်အမျိုးသား အသတ်ခံရမှုဟာ မြင်းပိုင်ဆိုင်မှုကြောင့်အပြင် အခြား အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ခြေကိုလည်း စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

play


အသက် ၂၁ နှစ်အရွယ် ပရက်ဒိပ်ရတ်ဟုဒ်ကို ဂူဂျာရတ်ပြည်နယ် Timbi village ကျေးရွာအနီး သွေးအိုင်ထဲမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ အနီးအနားမှာ ၎င်းရဲ့မြင်းကိုလည်း တွေ့ခဲ့ရတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ ဖခင်ဖြစ်သူက ရဲစခန်းတိုင်ချက်ဖွင့်ရာမှာ ၎င်းရဲ့ သားဖြစ်သူက မြင်းချစ်တတ်သူဖြစ်တာကြောင့် မြင်းတစ်ကောင် ဝယ်ယူထားခဲ့တယ်လို့ ဆိုပါတယ်။

"မြင်းတွေကိုချစ်တတ်တာက သူ့ကို အသတ်ခံရတဲ့အထိ ဖြစ်ခဲ့တာပါပဲ" လို့ Pradeep Rathod ရဲ့ ဖခင်က ပြောပါတယ်။ "လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်နဲ့ ကျွန်တော့်သား ရွာထဲမှာမြင်းစီးသွားတော့ ဇာတ်မြင့်ပုဂ္ဂိုလ်တွေက ရွာထဲမှာ မြင်းမစီးနဲ့လို့ သတိပေးခဲ့ပါတယ်" လို့ ဖခင်ဖြစ်သူက ရဲစခန်းတိုင်ချက်မှာ ဖော်ပြထားပါတယ်။

play


အိန္ဒိယမှာ ဇာတ်နိမ့်မျိုးနွယ်အဖြစ် သတ်မှတ်ထားသူတွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေခဲ့ပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း ဂူဂျာရတ်ပြည်နယ်မှာပင် ဟိန္ဒူရိုးရာကပွဲတစ်ခုမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်အမျိုးသားအုပ်စုက သတ်ခဲ့ကြကြောင်း သိရပါတယ်။

အိန္ဒိယမှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားဆက်ဆံမှုကို ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ထားပေမဲ့လည်း နိုင်ငံတစ်ဝှမ်း ထိုသို့ခွဲခြားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ပါတယ်။

လူဦးရေ ၁.၂၅ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်း ၂၀၀ ဟာ ဇာတ်နိမ့်အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုဒီကတော့ ဇာတ်နိမ့်အဖြစ် သတ်မှတ်ခံရသူတွေကို ခွဲခြားဆက်ဆံမှုနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD