AD
AD
AD

အိန္ဒိယနိုင်ငံမှာ မင်္ဂလာပွဲအကြိုပါတီကျင်းပစဉ် သေနတ်ပစ်ဖောက် အောင်ပွဲခံရာမှ အိမ်နီးချင်းတစ်ဦးအား ထိမှန်သေဆုံးခဲ့မှုကြောင့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

play
နဖူးကို သေနတ်ထိမှန် သေဆုံးခဲ့သည့် ဆက်ခ်ရှီအာရိုရာ


ဖေဖေါ်ဝါရီ ၁၀ ရက်က အရွှတ်ခိုစ်လာအမည်ရှိ အမျိုးသားဟာ ၎င်းရဲ့သမီး မင်္ဂလာပွဲအကြို အခမ်းအနားကျင်းပစဉ် လေထဲကို သေနတ်ပစ်ဖောက်ခဲ့ပါတယ်။

အရွှတ်ခိုစ်လာ ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန်က နေအိမ်လှေကားထစ်မှာထိုင်နေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဆက်ခ်ရှီအာရိုရာ အမည်ရှိ အိမ်နီးချင်းအမျိုးသမီးရဲ့ နဖူးကိုထိမှန်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် သေနတ်ထိမှန်ခံရတဲ့ အမျိုးသမီးကို ဆေးရုံသို့ပို့ဆောင်ကုသခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်း ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အရွှတ်ခိုစ်လာကို ဖမ်းဆီးခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ အိမ်နီးချင်းအမျိုးသမီးကို ထိမှန်ခဲ့တဲ့ ကျည်ဆန်ဟာ အရွှတ်ခိုစ်လာရဲ့ ခြောက်လုံးပြူးသေနတ်မှ ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်ဂျပ်ပြည်နယ် Hoshiarpur မြို့မှာ အရွှတ်ခိုစ်လာရဲ့ သမီးဖြစ်သူ မင်္ဂလာပွဲအကြိုပါတီ ကျင်းပနေစဉ်အတွင်း ယခု မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါ ပါတီပွဲအတွင်း ရိုင်ဖယ်သေနတ်ပစ်ဖောက်ခဲ့တဲ့ အရွှတ်ခိုစ်လာရဲ့ သူငယ်ချင်းဖြစ်သူ အရွှတ်ဆက်သီကိုလည်း အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

play


"သေနတ်ပစ်ဖောက်ခဲ့သူတွေက သေနတ်ပစ်ကျွမ်းကျင်သူတွေ မဟုတ်ကြဘူး၊ သူတို့ ပစ်လိုက်တဲ့ သေနတ်ကျည်ဆန်က ထိချင်ရာထိနိုင်ပါတယ်" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသားက ရှင်းပြခဲ့ပါတယ်။

ယခုဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်နဲ့ အူတာပရာဒက်ရှ်ကဲ့သို့ ပြည်နယ်တွေမှာ သေနတ်ပစ်ဖောက်အောင်ပွဲခံစဉ် မတော်တဆမှုကြောင့် လူသေဆုံးရတဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ဘူးလို့ ဆိုပါတယ်။

play
၂၀၁၆၊ နိုဝင်ဘာလက မင်္ဂလာပွဲမှာ သေနတ်ပစ်ဖောက်ခဲ့သည့် အမျိုးသမီး


နှစ်စဉ် အလားတူ မတော်တဆမှုတွေကြောင့် လူသေဆုံးမှုတွေရှိနေပြီး သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုတော့ အတိအကျ မသိရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဂုဏ်တစ်ရပ်အဖြစ် သေနတ်ပစ်ဖောက်အောင်ပွဲခံမှုကို အိန္ဒိယမှာ ကန့်သတ်မထားကြောင်းလည်း သိရပါတယ်။

အာဖဂနစ္စတန်၊ အရှေ့အလယ်ပိုင်းနေရာတွေနဲ့ ဘော်လ်ကန်စ်ဒေသမှာလည်း သေနတ်ပစ်ဖောက်အောင်ပွဲခံတဲ့ ဓလေ့ရှိကြတယ်လို့ ဆိုပါတယ်။

အိန္ဒိယမင်္ဂလာပွဲမှာ သေနတ်ပစ်ဖောက်အောင်ပွဲခံရာမှ သေဆုံးမှုအချို့

နိုဝင်ဘာ၊ ၂၀၁၇ - မင်္ဂလာပွဲမှာ သေနတ်ပစ်ဖောက်အောင်ပွဲခံရာမှာ အသက်ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ၊ ၂၀၁၆ - မင်္ဂလာပွဲတစ်ခုရဲ့ စင်မြင့်နေရာကနေ အမျိုးသမီးတစ်ဦးက အောင်ပွဲခံပြီး သေနတ်ပစ်ဖောက်ခဲ့ရာ မင်္ဂလာပွဲတက်ရောက်တဲ့ ဧည့်သည်တစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

ဒီဇင်ဘာ၊ ၂၀၁၆ - မင်္ဂလာပွဲတစ်ခုမှာ အရက်မူးနေသူ အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက်အောင်ပွဲခံခဲ့ရာ မင်္ဂလာပွဲမှာ ကပြဖျော်ဖြေနေတဲ့ အသက် ၂၅ နှစ်အရွယ် အကမယ်တစ်ဦးကိုထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ထိုမင်္ဂလာပွဲမှာ ဧည်သည့်တွေက လေထဲကို သေနတ်ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD