AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ တနင်္ဂနွေနေ့ (မေလ ၁၃ ရက်) က ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းသုံးခုကို အသေခံဗုံးခွဲ တိုက်ခိုက်မှုများအား မိသားစုတစ်ခုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

play
ဘုရားကျောင်းတစ်ခုအဝင်မှာ အသေခံဗုံး ပေါက်ကွဲအပြီး မြင်ကွင်း


အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ဘုရားကျောင်းသုံးခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကို ၎င်းတို့ စီစဉ်လုပ်ဆောင်စေခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောထားပါတယ်။

play
ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်


ဆူရာဘာယာမြို့ရှိ ဘုရားကျောင်းသုံးခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ အင်ဒိုနီးရှားမှာ နှစ်အတန်ကြာအတွင်း လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုသုံးခုဟာ ၁၀ မိနစ်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းနဲ့ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာဖြစ်တယ်လို့ သိရပါတယ်။

အသေခံဗုံးခွဲမှုတွေကို မိသားစုတစ်ခုတည်းမှ မိသားစုဝင်ခြောက်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဟာ အိုင်အက်စ်အဖွဲ့ကိုထောက်ခံတဲ့ အင်ဒိုနီးရှားအစွန်းရောက်အုပ်စု Jamaah Ansharut Daulah (JAD) နဲ့ ဆက်နွယ်နေကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာနာဗီယန်က ပြောခဲ့ပါတယ်။

play
အသေခံဗုံးခွဲခဲ့သည့် မိသားစု၏ ယခင် ဓာတ်ပုံတစ်ပုံ


ခရစ်ယာန်ဘုရားကျောင်းများကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု

အသေခံဗုံးခွဲခဲ့တဲ့ မိသားစုဟာ မိခင်၊ ဖခင်၊ အသက်ကိုးနှစ်နဲ့ ၁၂ နှစ်အရွယ် သမီးနှစ်ဦး၊ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်အရွယ် သားနှစ်ဦးတို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမီဒီယာတွေရဲ့ ဖော်ပြမှုအရ အဆိုပါ မိသားစုဟာ ဆီးရီးယားနိုင်ငံမှ ပြန်လာခဲ့ကြဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ရာနဲ့ချီတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ လတ်တလောနှစ်များအတွင်း ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်အဖွဲ့ထံ ဝင်ရောက်ခဲ့ကြပါတယ်။

play
ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေစဉ်


ခရစ်ယာန်ဘုရားကျောင်းတွေကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာ မိခင်ဖြစ်သူ ပူဂျီကူစဝပ်တီနဲ့ သမီးနှစ်ဦးက Kristen Indonesia Diponegoro ဘုရားကျောင်းမှာလည်းကောင်း၊ ဖခင်ဖြစ်သူ ဒီတာပရီယန်တိုက Surabaya Centre Pentecostal ဘုရားကျောင်းမှာလည်းကောင်း၊ သားနှစ်ဦးက မော်တော်ဆိုင်ကယ်များစီးပြီး Santa Maria ဘုရားကျောင်းမှာလည်းကောင်း အသီးသီး အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ကြကြောင်း အင်ဒိုရဲတပ်ဖွဲ့ အကြီးအကဲ ကာနာဗီယန်က ပြောပါတယ်။

play
ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် ကားတစ်စီးနှင့် ဆိုင်ကယ်များ


"အားလုံးက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေပါပဲ။ ဒါပေမဲ့ အသုံးပြုတဲ့ ဗုံးအမျိုးအစားတွေတော့ မတူပါဘူး" လို့ ၎င်းက ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုသုံးခုတွေဟာ ၁၀ မိနစ်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းနဲ့ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့ မိသားစုနဲ့ဆက်နွယ်နေပြီး အိုင်အက်စ်ကိုထောက်ခံတဲ့ JAD အုပ်စုကို ထောင်ကျနေသူ အစွန်းရောက် အေမန်အဗ္ဗဒူလ်ရာဟ်မန်က ဦးဆောင်ခဲ့ပါတယ်။ ထိုအစွန်းရောက်အုပ်စုက ၂၀၁၆ ခုနှစ်က ဂျကာတာမြို့မှာ သေနတ်နဲ့ ဗုံးများသုံးပြီး အသေခံတိုက်ခိုက်မှု အပါအဝင် အင်ဒိုနီးရှားနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

play


ဆူရာဘာယာမြို့အနီး တိုက်ခန်းတစ်ခန်းမှာ ဗုံးပေါက်ကွဲမှု

ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာလည်း ဆူရာဘာယာမြို့နဲ့ ၁၉ မိုင်နီးပါးအကွာရှိ တိုက်ခန်းတစ်ခန်းမှာ နောက်ထပ် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ မိသားစုတစ်ခုမှ လူသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါတိုက်ခန်းရှိ မိသားစုမှ မိခင်နဲ့ သားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲရန် သယ်ဆောင်လာတဲ့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း အခြား ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ တိုက်ခန်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

play
ဗုံးပေါက်ကွဲခဲ့သည့်နေရာကို သမ္မတဂျိုကိုဝီ (အင်္ကျီအဖြူ) လာရောက်ကြည့်ရှုစဉ်


ဂျကာတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားလေးဦးနဲ့ အရပ်သားလေးဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဂျကာတာမြို့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အရှေ့တောင်အာရှမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က စီစဉ်လုပ်ဆောင်ခဲ့တဲ့ ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။

play
အသေခံဗုံး ပေါက်ကွဲခဲ့သည့် ဘုရားကျောင်းတစ်ခုရှေ့ မြင်ကွင်း


အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဂျကာတာမြို့စွန်ရှိ လုံခြုံရေးတင်းကျပ်တဲ့ အကျဉ်းထောင်တစ်ခုမှာ အစ္စလာမ်မစ် စစ်သွေးကြွအကျဉ်းသားတွေ ဆူပူအုံကြွ တိုက်ခိုက်ခဲ့ပြီး ဓားစာခံဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ပါတယ်။ ၃၆ နာရီကြာမြင့်ခဲ့တဲ့ အဆိုပါ အကျဉ်းထောင်ဖြစ်ရပ်အတွင်း JAD အစွန်းရောက်အုပ်စု အဖွဲ့ဝင်လေးဦး၊ အင်ဒိုနီးရှား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်ငါးဦးနဲ့ အကျဉ်းသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD