သဘောတူညီမှုအရ နှစ်နိုင်ငံကြား တာတိုနဲ့တာလတ်ပစ် ဒုံးကျည်တည်ဆောက်မှုကို ပိတ်ပင်ထားခဲ့ပါတယ်။

အမေရိကန်ကသာ နျူကလီးယားလက်နက်ဆိုင်ရာ နှစ်နိုင်ငံကြား သဘောတူစာချုပ်ကနေ နုတ်ထွက်ခဲ့ပါက ရုရှားအနေနဲ့ စစ်အေးခတ် သဘောတူညီမှုအရ ပိတ်ပင်ထားတဲ့ ဒုံးကျည်များတည်ဆောက်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားဒုံးကျည်တစ်စင်း ပစ်လွှတ်မှု





NATO မဟာမိတ်အုပ်စုက ရုရှားနိုင်ငံဟာ Intermediate-Range Nuclear Forces (INF) သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ဖြစ်တယ်လို့ အင်္ဂါနေ့ (ဒီဇင်ဘာ ၄ ရက်) မှာ စွပ်စွဲခဲ့ပြီးနောက် သမ္မတပူတင်ရဲ့ သတိပေးပြောကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတဲ့ INF သဘောတူညီချက်အရ အမေရိကန်နဲ့ရုရှားတို့ကြား မြေပြင်မှဝေဟင် ပစ်လွှတ်နိုင်ပြီ အကွာအဝေး ၃၁၀ မှ ၃,၄၀၀ အတွင်း ရောက်ရှိနိုင်တဲ့ တာတိုနဲ့တာလတ်ပစ် ဒုံးကျည်များတည်ဆောက်မှုကို ပိတ်ပင်ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်



ရုရှားသမ္မတပူတင်က NATO ရဲ့ စွပ်စွဲမှုဟာ အမေရိကန်အတွက် INF ကနေ နုတ်ထွက်ရန် အကြောင်းပြချက်တစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အခြား နိုင်ငံအများအပြားက INF သဘောတူညီမှုအရ တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်တွေကို တည်ဆောက်ခဲ့ကြကြောင်းလည်း ပူတင်ကဆိုပါတယ်။

"အခု အခြေအနေ အများကြီးပြောင်းလဲသွားတာကြောင့် သူတို့လည်း ဒီလိုလက်နက်တွေ ပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ရဲ့ အမေရိကန် မိတ်ဆွေတွေက ယုံကြည်ကြပါတယ်၊ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ? ဒါက ရှင်းပါတယ်၊ ဒီကိစ္စမှာ ကျွန်တော်တို့လည်း လက်နက်တွေ တည်ဆောက်သွားမှာပေါ့" လို့ ပူတင်က ပြောခဲ့ပါတယ်။

ရုရှားနဲ့ချုပ်ဆိုထားခဲ့တဲ့ သမိုင်းဝင် နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ပြောထားခဲ့ပါတယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်



"သမ္မတအိုဘားမားက ဒီ သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းတာ ဒါမှမဟုတ် ရုပ်သိမ်းတာမျိုး ဘာကြောင့် မလုပ်ခဲ့လဲဆိုတာ ကျွန်တော် မသိဘူး၊ ရုရှားက ဒါကို ချိုးဖောက်နေတာ နှစ်နဲ့ချီကြာခဲ့ပြီ" လို့ နီဗာဒါးပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးမှုပွဲတစ်ခုအပြီးမှာ ထရန့်ကဆိုပါတယ်။

ရုရှားဟာ INF ကို ချိုးဖောက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ်မှာ ထိုစဉ်က အမေရိကန်သမ္မတဖြစ်သူ အိုဘားမားကလည်း စွပ်စွဲခဲ့ဖူးပါတယ်။ ရုရှားက မြေပြင်မှပစ်လွှတ်တဲ့ ခရုစ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် အိုဘားမားက ထိုသို့ စွပ်စွဲပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပခေါင်းဆောင်တွေထံမှ ဖိအားပေးမှုတွေကြောင့် အိုဘားမားဟာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ INF သဘောတူစာချုပ်ကနေ နုတ်ထွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Intermediate-Range Nuclear Forces (INF)

- ၁၉၈၇ ခုနှစ်က အမေရိကန်နဲ့ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြေပြင်မှ ပစ်လွှတ်ရတဲ့ တာတိုနဲ့တာလတ်ပစ် နျူကလီးယားနဲ့ နျူကလီးယားမဟုတ်တဲ့ ဒုံးကျည်များအားလုံးကို တားမြစ်ပိတ်ပင်တဲ့ လက်နက်ထိန်းချုပ်ရေးသဘောတူညီမှု ဖြစ်ပါတယ်။ သဘောတူညီချက်အရ ပိတ်ပင်ရာမှာ ပင်လယ်ပြင်မှ ပစ်လွှတ်ရတဲ့ ဒုံးကျည်များ ပါဝင်ခြင်းမရှိပါ။

- အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့ဗ်တို့က INF သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂေါ်ဗာချော့ဗ်နဲ့ ရေဂင်တို့ INF စာချုပ်ကို လက်မှတ်ရေးထိုးခဲ့စဉ်



- ဆိုဗီယက်က SS-20 ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို အမေရိကန်က စိုးရိမ်ခဲ့ပြီး တုံ့ပြန်မှုအဖြစ် ဥရောပမှာ ပါရှင်းနဲ့ခရုစ် ဒုံးကျည်များ ဖြန့်ကျက်ချထားခဲ့ရာ ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

- ၁၉၉၁ ခုနှစ်မှာတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့က ဒုံးကျည် ၂,၇၀၀ နီးပါးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံးက စစ်ဆေးရေးအဖွဲ့တွေကို လာရောက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။

- ၂၀၀၇ ခုနှစ်မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က INF သဘောတူညီချက်ဟာ ရုရှားရဲ့အရေးကိစ္စ မဟုတ်တော့ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန် Anti-Ballistic Missile Treaty သဘောတူညီမှုကနေ နုတ်ထွက်သွားခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ထိုသို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က