AD
AD
AD

အပူပိုင်းဒေသမှာ မွေးဖွားခဲ့တဲ့ ကမ္ဘာ့တစ်ကောင်တည်းသော ပိုလာဝက်ဝံကြီး အင်နူကာ (Inuka) သေဆုံးသွားပြီ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ တိရိစ္ဆာန်ရုံမှာ မွေးဖွားခဲ့တဲ့ အင်နူကာဟာ အသက် ၂၇ နှစ်ရှိဖြစ်ပြီး ပိုလာဝက်ဝံတွေရဲ့ ပုံမှန်သက်တမ်းထက် ဆယ်နှစ်ကျော်ကြာ အသက်ပိုရှည်ခဲ့ကြောင်းလည်း သိရပါတယ်။

play
အင်နူကာကို သေဆုံးခါနီး နောက်ဆုံးအချိန်မှာ တွေ့ရစဉ်


လူတွေရဲ့အသက်နဲ့ တွက်ဆပါက ပိုလာဝက်ဝံကြီး အင်နူကာဟာ အသက် ၇၀ ကျော်ပြီလို့ ဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့် ပိုလာဝက်ဝံတွေဟာ ရေခဲနေတဲ့ အာတိတ်စက်ဝိုင်း အအေးပိုင်းဒေသမှာသာ မွေးဖွားကြပြီး ရှင်သန်နေထိုင်နိုင်ကြတာလည်း ဖြစ်ပါတယ်။ စင်ကာပူမှာ ပိုလာဝက်ဝံ မွေးဖွားထားရှိခဲ့ခြင်းကို တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

play
ရေကူးနေသည့် ပိုလာဝက်ဝံကြီး အင်နူကာ


လတ်တလောအတွင်း အင်နူကာကို ကျန်းမာရေးစစ်ဆေးခဲ့မှုတွေအရ အဆစ်ရောင်ရောဂါ၊ သွားရောဂါနဲ့ နားမှာပိုးဝင်မှုတို့ ခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။ အိုမင်းနေပြီဖြစ်တဲ့ ပိုလာဝက်ဝံကြီးဟာ မသေဆုံးမီမှာ ခြေလက်အင်္ဂါများ အားနည်းနေပြီဖြစ်ရာ ကောင်းစွာသွားလာနိုင်ခြင်းလည်း မရှိတော့ကြောင်း သိရပါတယ်။

play
အကောင်ပေါက်အရွယ်မှာ တွေ့ရသည့် အင်နူကာနှင့် ၎င်းရဲ့မိခင်


ယနေ့ (ဧပြီ ၂၅ ရက်) မနက်ပိုင်းမှာ သေဆုံးသွားခဲ့တဲ့ ပိုလာဝက်ဝံကြီး အင်နူကာဟာ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က မွေးဖွားခဲ့ပြီး စင်ကာပူတိရိစ္ဆာန်ရုံရဲ့ လေးကောင်မြောက် ပိုလာဝက်ဝံ ဖြစ်ပါတယ်။ အပူပိုင်းဒေသ နိုင်ငံဖြစ်တဲ့ စင်ကာပူမှာ ပုံမှန်အားဖြင့် နေ့အပူချိန်ဟာ ၂၅ ဒီဂရီဆဲလ်စီးယပ်အောက်သို့ ကျဆင်းလေ့မရှိဘဲ အအေးပိုင်းဒေသမျိုးရင်း ပိုလာဝက်ဝံတွေ ရှင်သန်နေထိုင်ရန် ခက်ခဲတဲ့နေရာ ဖြစ်ပါတယ်။

play
စင်ကာပူတိရိစ္ဆာန်ရုံမှ ၂၇ နှစ်ကြာ ရှင်သန်နေထိုင်ခဲ့သည့် အင်နူကာ


သို့သော် အင်နူကာကို အပူချိန်ထိန်းညှိထားပြီး အေးခဲနေအောင် စီစဉ်ဖန်တီးထားတဲ့ အခန်းထဲမှာထားရှိခဲ့ကြောင်း သိရပါတယ်။ ပိုလာဝက်ဝံတွေ ရှင်သန်နေထိုင်ရန်ခက်တဲ့ အပူပိုင်းဒေသမှာ ၎င်းတို့ကိုထားရှိခြင်းအား တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ၁၉၇၈ ခုနှစ်အတွင်း စင်ကာပူတိရိစ္ဆာန်ရုံ စတင် ဖွင့်လှစ်စဉ်ကတည်းက ကန့်ကွက်ခဲ့ကြပါတယ်။

play
ပိုလာဝက်ဝံကြီး အင်နူကာ အမှတ်တရ


တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ စင်ကာပူတိရိစ္ဆာန်ရုံက အင်နူကာအပြင် နောက်ထပ် ပိုလာဝက်ဝံများ ခေါ်ဆောင်ထားရှိခြင်း မပြုတော့ကြောင်း ၂၀၀၆ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ ပိုလာဝက်ဝံကြီး အင်နူကာ သေဆုံးမှုကို စင်ကာပူနိုင်ငံမှ တိရိစ္ဆာန်ချစ်သူများက ဆိုရှယ်မီဒီယာမှာ ဝမ်းနည်းကြောင်း အမှတ်တရပို့စ်များ ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD