ဝန်ကြီးချုပ် နက်တန်ယာဟူကို အဂတိလိုက်စားမှုဖြင့် စွဲချက်တင်သင့်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

play
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ


ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ် နက်တန်ယာဟူကို သီးခြားကိစ္စနှစ်ခုမှာ လာဘ်ငွေရယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ရန် လုံလောက်တဲ့ သက်သေအထောက်အထား ရှိထားတယ်လို့ ဖော်ပြပါတယ်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး နက်တန်ယာဟူကတော့ စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ အစ္စရေးရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့ပါတယ်။ "စွပ်စွဲချက်တွေက ဘာမှမဟုတ်ဘဲ ပြီးသွားပါလိမ့်မယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

play
ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ အာနွန်မီလ်ချန်းနှင့် နက်တန်ယာဟူ


နက်တန်ယာဟူက အစ္စရေးသတင်းစာ Yediot Aharonot ရဲ့ ထုတ်ဝေသူကို ၎င်းနဲ့ပတ်သက်ပြီး အကောင်းဘက်ကသာ ရေးသားဖော်ပြရန်၊ ထိုသို့ ရေးသားပေးပါက သတင်းစာကို အခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာ အသာစီးရစေရန် ပြန်လည်ကူညီပေးမယ်လို့ ပြောခဲ့ကြောင်း စွပ်စွဲချက်ပေါ်ထွက်လာပါတယ်။

Yediot Aharonot သတင်းစာရဲ့ အယ်ဒီတာဖြစ်သူ အာနွန်မိုဇက်စ်ကိုလည်း ယခုကိစ္စအတွက် စွဲချက်တင်သင့်ကြောင့် ရဲတပ်ဖွဲ့က ပြောထားပါတယ်။

နောက်ထပ် ကိစ္စတစ်ခုမှာ ဝန်ကြီးချုပ် နက်တန်ယာဟူက ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ အာနွန်မီလ်ချန်းနဲ့ အခြား ထောက်ခံသူတွေထံမှ အမေရိကန်ဒေါ်လာ ၂၈၃,၀၀၀ တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းများ လက်ခံရယူခဲ့မှု ဖြစ်ပါတယ်။

အာနွန်မီလ်ချန်အတွက် အမေရိကန်ဗီဇာရရှိအောင် ကူညီပေးမှုကြောင့် နက်တန်ယာဟူကို လက်ဆောင်များ ပေးခဲ့တယ်လို့ ဆိုပါတယ်။ နက်တန်ယာဟူ လက်ခံရယူခဲ့တဲ့ လက်ဆောင်တွေအနက် ရှန်ပိန်နဲ့ ဆေးပြင်းလိပ်များ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အာနွန်မီလ်ချန်ဟာ Fight Club, Gone Girl နဲ့ The Revenant အပါအဝင် နာမည်ကြီးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့သူဖြစ်ပြီး ၎င်းကိုလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်သင့်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် နက်တန်ယာဟူက သြစတြေးလျဘီလျံနာ ဂျိမ်းစ်ပက်ကာနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုမှာ လိမ်လည်မှုနဲ့ ယုံကြည်မှုဖောက်ဖျက်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က သံသယရှိထားပါတယ်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းမှာ ဂျိမ်းစ်ပတ်ကားက နက်တန်ယာဟူနဲ့ ၎င်းရဲ့ဇနီး ဆာရာတို့ကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း အစ္စရေး ရုပ်မြင်သံကြားသတင်းဌာန Channel 10 ကို ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် နက်တန်ယာဟူကို စုံစမ်းစစ်ဆေးရေးမှူးတွေက ခုနစ်ကြိမ်ထက်မနည်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video