အရှေ့တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းများအနီး တရုတ်နိုင်ငံမှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီး ဇန်နဝါရီ ၁၁ ရက်က ခုတ်မောင်းရောက်ရှိလာခဲ့ပြီးနောက် ဂျပန်နိုင်ငံက တရုတ်သံအမတ်ကိုဆင့်ခေါ်ကာ ကန့်ကွက်ပြောကြားခဲ့ကြောင်း သိရပါတယ်။

play
တရုတ် ဖရီးဂိတ်စစ်သင်္ဘော


ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းများအနီး ရေငုပ်သင်္ဘောတစ်စီးကိုလည်း ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်မှာ တွေ့ရှိခဲ့ရကြောင်နဲ့ မည်သည့်နိုင်ငံမှဖြစ်ကြောင်းကို ရှင်းလင်းစွာမသိနိုင်ခဲ့ကြောင်း ဂျပန်စစ်တပ်က ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်က တန်ချိန် ၄,၀၀၀ Jiangkai II ဖရီးဂတ်စစ်သင်္ဘောကို ဂျပန်ရေတပ်က တွေ့ရှိခဲ့ပြီးနောက် လိုက်လံစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ် စစ်သင်္ဘောကို တွေ့ရှိခဲ့ရတဲ့နေရာဟာ ဂျပန်နိုင်ငံက Senkaku လို့ခေါ်ဝေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ သတ်မှတ်ထားတဲ့ ကျွန်းစုအနီးမှာ ဖြစ်ပါတယ်။ အဆိုပါကျွန်းစုကို ပိုင်ဆိုင်မှုအငြင်းပွားရာက ဂျပန်နဲ့တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှု အကြိမ်ကြိမ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

play
ဂျပန်နှင့်တရုတ် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစု


ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုဟာ အဓိက ရေလမ်းကြောင်းသွားလာမှုနဲ့ နီးကပ်စွာတည်ရှိခြင်း၊ ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်နိုင်ခြင်း၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်တွေ့ရှိနိုင်တဲ့ နေရာတွေအနီးမှာ တည်ရှိနေခြင်းတို့ကြောင့် တန်ဖိုးထားစရာ ဖြစ်နေခဲ့ပါတယ်။

တရုတ်နိုင်ငံ အဆိုပါကျွန်းစုအနီး ကမ်းခြေစောင့်သင်္ဘောများ ပုံမှန်စေလွှတ်လေ့ရှိပေမဲ့ ဖရီးဂိတ်စစ်သင်္ဘော စေလွှတ်ခြင်းမျိုး မရှိခဲ့ဖူးကြောင်းလည်း သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ဂျပန်အစိုးရ အငြင်းပွား ကျွန်းစုများမှာပါဝင်တဲ့ ကျွန်းငယ်အချို့ကို ပုဂ္ဂလိက ပိုင်ဆိုင်သူတစ်ဦးထံမှဝယ်ယူကာ နိုင်ငံပိုင်ပြုလုပ်ခဲ့ပြီးနောက် ဂျပန်နဲ့တရုတ် နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video