AD
AD
AD

ဂျပန်နိုင်ငံမှာ သားဖြစ်သူကို သစ်သားလှောင်အိမ်တစ်ခုအတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်လှောင်ထားခဲ့ကြောင်း သံသယရှိမှုဖြင့် အသက် ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ယိုရှီတာနီ ယာမာစကီ အမည်ရှိ အဘိုးအိုက ယခုအခါ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၎င်းရဲ့သားကို စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားနေရပြီး တစ်ခါတရံ အကြမ်းဖက်ရန်လိုတတ်မှုကြောင့် သော့ခတ် ပိတ်လှောင်ထားခဲ့တယ်လို့ ပြောပါတယ်။

play
ယိုရှီတာနီ ယာမာစကီ၏ နေအိမ်ကို တွေ့ရစဉ်


ဂျပန်အဘိုးအိုက သားဖြစ်သူကို ပိတ်လှောင်ထားခဲ့တဲ့ သစ်သားလှောင်အိမ်ဟာ အမြင့် ၃ ပေ ၂ လက်မနဲ့ အကျယ် ၆ ပေခွဲမပြည့်ကြောင်း သိရပါတယ်။ အဆိုပါ သစ်သားလှောင်အိမ်ကို စန်ဒါမြို့ရှိ ယာမာစကီရဲ့ နေအိမ်နဲ့ကပ်လျက် တဲတစ်ခုအတွင်း ထည့်ထားခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ပိတ်လှောင်ခံထားခဲ့ရတဲ့ သားဖြစ်သူဟာ ယခုအခါ ခါးကုန်းနေပြီး ၎င်းကို အာဏာပိုင်တွေက စောင့်ရှောက်ထားပါတယ်။ ဒေသခံ မီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ ပိတ်လှောင်ခံခဲ့ရတဲ့ သားဖြစ်သူဟာ ဂျပန်အနောက်ပိုင်းရှိ လူမှုဖူလုံရေးဂေဟာတစ်ခုမှာ ဇန်နဝါရီလကတည်းက ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမှုတွေအရ ယာမာစကီက ၎င်းရဲ့သားကို အသက် ၁၆ နှစ်အရွယ်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတာကြောင့် ပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

play


ယာမာစကီကို ရဲတပ်ဖွဲ့က သားဖြစ်သူအား ပိတ်လှောင်ထားမှုဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ၃၆ နာရီကြာမျှသာ ဖမ်းဆီးထားခဲ့ကြောင်းလည်း ဒေသခံသတင်းတွေက ပြောပါတယ်။ ယာမာစကီက ၎င်းအပေါ် စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး သားဖြစ်သူကို နေ့စဉ် အစားအစာကျွေးကြောင်းနဲ့ ရေချိုးစေကြောင်း ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူကို စိတ်ဝေဒနာ ခံစားနေရပြီး အန္တရာယ်ပြုလာနိုင်တယ်လို့ ယုံကြည်ခဲ့ကြတာကြောင့် အခန်းငယ်တစ်ခုအတွင်း နှစ်အတန်ကြာ ပိတ်လှောင်ထားရာမှ အအေးလွန် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံမှာ ပြည်သူများကြား သဘောထားအမြင် ပြောင်းလဲမှုအချို့ရှိလာသည့်တိုင် မသန်းစွမ်းသူတွေနဲ့ စိတ်ရောဂါခံစားနေရသူတွေရဲ့ မိသားစုတွေဟာ ပတ်ဝန်းကျင်မှာ ကဲ့ရဲ့ခံရပြီး အရှက်ရစရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD