Johnson & Johnson ရင်ဆိုင်ခဲ့ရတဲ့ တရားစွဲဆိုမှုတွေအနက် နစ်နာကြေးပမာဏ အများဆုံးဖြစ်လာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Johnson & Johnson ကုမ္ပဏီထုတ် ကိုယ်လိမ်းပေါင်ဒါတွေကြောင့် သားအိမ်ကင်ဆာ ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲခဲ့တဲ့ အမျိုးသမီး ၂၂ ဦးကို ကုမ္ပဏီက ထိခိုက်နစ်နာကြေး ဒေါ်လာ ၄.၇ ဘီလီယံပေးရန် တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

Photo: Pinterest



အဆိုပါ အမှုကိစ္စကို မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မြို့ရှိ တရားရုံးမှာ သီတင်းခြောက်ပတ်ကြာ ကြားနာ စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးတွေက Johnson & Johnson (J&J) ကို ဒဏ်ကြေးငွေ ဒေါ်လာ ၄.၁၄ ဘီလီယံနဲ့ လျော်ကြေးငွေ ဒေါ်လာ သန်း ၅၅၀ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

J&J ကို တရားစွဲဆိုခဲ့ကြတဲ့ အမျိုးသမီးများအနက် ခြောက်ဦးဟာ သားအိမ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: Lucas Jackson/Reuters



J&J ဟာ ၎င်းရဲ့ထုတ်ကုန်တွေမှာ ကျောက်ဂွမ်းမှုန့်တွေ ပါဝင်နေမှုကို ၁၉၇၀ ပြည့်လွန် နှစ်များကတည်းက သိရှိခဲ့ပြီး သုံးစွဲသူတွေ မသိစေရန် နှစ် ၄၀ ကျော်ကြာ ဖုံးကွယ်ထားခဲ့ကြောင်း အမျိုးသမီးတွေဘက်မှ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် မာ့ခ်လာနီယာက ပြောခဲ့ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိသားစုတွေက J&J ရဲ့ Baby Powder နဲ့ Shower to Shower အပါအဝင် ကိုယ်လိမ်းပေါင်ဒါ ထုတ်ကုန်တွေကို ဆယ်စုနှစ်များကြာအောင် အသုံးပြုခဲ့ကြတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

Photo: Getty Images



တရားစွဲဆိုခဲ့ကြတဲ့ အမျိုးသမီး အများအပြားရဲ့ သားအိမ်တစ်ရှူးတွေမှာ ကျောက်ဂွမ်းအမျှင်များနဲ့ ပေါင်ဒါအမှုန်များ တွေ့ရှိခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ J&J ကတော့ တရားရုံးရဲ့ အမိန့်ချမှတ်မှုအပေါ် အလွန်စိတ်ပျက်မိကြောင်းနဲ့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

J&J ဟာ ၎င်းရဲ့ ထင်ရှားကျော်ကြားတဲ့ ပေါင်ဒါထုတ်ကုန်နဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ အမှုပေါင်း ၉,၀၀၀ ခန့်ကို ရင်ဆိုင်နေရကြောင်းလည်း BBC သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Infographic: Top 10 Home Remedies



အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ J&J အပါအဝင် ကိုယ်လိမ်းပေါင်ဒါတွေကို စစ်ဆေးခဲ့ရာမှာ ကျောက်ဂွမ်းများပါဝင်မှု မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

သို့သော် အမျိုးသမီးတွေဘက်မှ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေက အဆိုပါစစ်ဆေးမှုနဲ့ ပတ်သက်ပြီး FDA နဲ့ J&J တို့မှာ တိကျမှန်ကန်မှုဆိုင်ရာ အားနည်းချက်တွေရှိခဲ့ကြောင်း တရားရုံးကို ပြောခဲ့ပါတယ်။

မစ်ဆူရီတရားရုံးက ချမှတ်လိုက်တဲ့ ထိခိုက်နစ်နာကြေးပမာဏဟာ J&J ရင်ဆိုင်ခဲ့ရတဲ့ တရားစွဲဆိုမှုများအနက် အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က