AD
AD
AD

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်မှာ ယနေ့ (ဧပြီ ၃၀ ရက်) မနက်ပိုင်းက အသေခံဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၄၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

play
ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သည့် AFP ဓာတ်ပုံသတင်းထောက်  Shah Marai


AFP သတင်းဌာနမှ ဓာတ်ပုံသတင်းထောက်  Shah Marai နဲ့ အခြား သတင်းထောက်ကိုးဦးလည်း ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီဝန်းကျင်မှာ ပထမ အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် မိနစ်ပိုင်းမျှအကြာမှာ ဒုတိယအသေခံဗုံးကို ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပထမဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာကို အကူအညီပေးရန်နဲ့ သတင်းရယူရန် ပြေးလာခဲ့ကြတဲ့ သတင်းထောက်များ အပါအဝင် လူအများအပြားကို ပစ်မှတ်ထားပြီး နောက်ထပ် အသေခံဗုံးတစ်လုံးကို ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အသေခံဗုံးပေါက်ကွဲမှုနှစ်ခုလုံးဟာ ကဘူးလ်မြို့လယ်ရှိ Shash Darak ဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။

play


အဆိုပါဒေသဟာ NATO တပ်ဖွဲ့ဌာနချုပ်၊ အာဖဂန်အစိုးရရုံးများနဲ့ နိုင်ငံခြားသံရုံးတွေ တည်ရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။ ယခု အသေခံဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကဘူးလ်မြို့ရှိ နေရာဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းထားတဲ့အုပ်စုနဲ့ တာလီဘန်အုပ်စုတို့က အာဖဂန်နစ္စတန်မှာ တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရပါတယ်။ တာလီဘန်တို့က အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားလေ့ရှိပြီး အိုင်အက်စ်တို့က ရှီအာမွတ်စလင်မ်တို့ကို ပစ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။

ကဘူးလ်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခုအပြင် အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်မှာလည်း NATO တပ်ဖွဲ့ယာဉ်တန်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲမှုအတွင်း ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play
BBC သတင်းထောက် Ahmad Shah


ဒါ့အပြင် အာဖဂန်အရှေ့ပိုင်း ခို့စ်ပြည်နယ်မှာလည်း BBC သတင်းဌာနမှ သတင်းထောက်တစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် BBC သတင်းထောက် Ahmad Shah ဟာ BBC Afghan အတွက် အလုပ်လုပ်ကိုင်ခဲ့တာ တစ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။

ခို့စ်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ်ဟာနန်က BBC Afghan ကို ပြောကြားမှုအရ သတင်းထောက် Ahmad Shah ကို မည်သည့်အုပ်စုကလို့ မသိနိုင်သေးတဲ့ သေနတ်သမားတွေကို ပစ်သတ်သွားခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ခို့စ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အာဖဂန်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြီးများ

ဧပြီလ ၂၂ ရက် - အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မဲဆန္ဒရှင်များ မှတ်ပုံတင်ရုံးခန်းကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၂၁ ဦးနဲ့ ကလေးငါးဦး အပါအဝင် လူ ၅၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မတ်လ ၂၃ ရက် - Helmand ပြည်နယ်မှာ နပန်းပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်နေစဉ် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မတ်လ ၂၁ ရက် - ကဘူးလ်မြို့ရှိ ဂူဗိမာန်တစ်ခုအနီး ပါရှန်းနှစ်သစ်ကူးပွဲ ဆင်နွှဲနေကြစဉ် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ လက်ချက်ဖြစ်ကြောင်း သံသယရှိရတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မတ်လ ၁၀ ရက် - အာဖဂန်အနောက်ပိုင်း Farah ပြည်နယ်မှာ တာလီဘန်အုပ်စုက တိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့မှ စစ်သား ၂၄ ဦး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက် - တာလီဘန်စစ်သွေးကြွတွေက အရေးပေါ်လူနာတင်ကားကို ဖောက်ခွဲပစ္စည်းများတင်ဆပ်ကာ အစိုးရအဆောက်အအုံတွေနဲ့ သံရုံများတည်ရှိတဲ့ ကဘူးလ်မြို့ရှိ လုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာ တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက် - ကဘူးလ်မြို့ရှိ ဟိုတယ်တစ်ခုမှာ တာလီဘန် သေနတ်သမားများက တိုက်ခိုက်ခဲ့မှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD