AD
AD
AD

ဆောင်းရာသီအိုလံပစ်ပွဲကို သမိုင်းဝင်တက်ရောက်ခဲ့တဲ့ ၎င်းရဲ့ညီမနဲ့ အခြား ထိပ်တန်းအရာရှိတွေ ပြန်လည်ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားကို ကျေးဇူးတင် ချီးကျူးစကား ပြောခဲ့တယ်လို့ ဆိုပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၈ ဆောင်းရာ အိုလံပစ်အားကစားပြိုင်ပွဲကို တက်ရောက်ခဲ့ကြတဲ့ ၎င်းရဲ့ညီမ ကင်မ်ယိုဂျောင်း အပါအဝင် ကိုယ်စားလှယ်အဖွဲ့ကို ကင်မ်ဂျုံအန်က တွေ့ဆုံခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ပြောပါတယ်။

ကိုယ်စားလှယ်အဖွဲ့ထံမှ အစီရင်ခံမှုကိုရရှိပြီးနောက် ကင်မ်ဂျုံအန်က ကျေနပ်ခဲ့ကြောင်းနဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို အထူးဦးစားပေး ဂရုတစိုက်ရှိမှုအပေါ် ချီးကျူးခဲ့ပြီး တောင်ကိုရီးယားအစိုးရကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့တယ်လို့ KCNA က ဆိုပါတယ်။

play
ကင်မ်ယိုဂျောင်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း


လတ်တလောနှစ်များအတွင်း ဆက်ဆံရေးတင်းမာနေခဲ့ကြတဲံ တောင်နဲ့မြေက် ကိုရီးယားနှစ်နိုင်ငံဟာ ပြုံချမ်း ဆောင်းရာသီအိုလံပစ်ပွဲနဲ့အတူ ဆက်ဆံရေး အတန်ငယ် တိုးတက်လာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ယခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ တွေ့ဆုံဆွေးနွေးမှုကိစ္စနဲ့ အိုလံပစ်ပွဲကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖွယ်ရှိကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က အိုလံပစ်ပွဲမှာပါဝင်နိုင်ရေး အဆင့်မြင့်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ပါတယ်။

မြောက်ကိုရီးယားကလည်း ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီးနောက် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ကာ တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

play
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ အားကစားသမားများ အတူချီတက်စဉ်


ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲအခမ်းအနားကိုလည်း ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းပါဝင်တဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ပါတယ်။

ကင်မ်ယိုဂျောင်းက တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံခဲ့ရာ အစ်ကိုဖြစ်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြုံယမ်းမြို့မှာ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားလိုက်ကြောင်း သတင်းစကားပါးခဲ့ပါတယ်။

ယခု ဖိတ်ကြားမှုအရ တွေ့ဆုံခဲ့ပါက တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ တတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်းတို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

play
အိုလံပစ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲသည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အထူးသံတမန်အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ ကင်မ်ယိုဂျောင်းက ဖေဖေါ်ဝါရီ ၁၀ ရက်မှာ သမ္မတမွန်ဂျေအင်းနဲ့ တွေ့ဆုံစဉ် သူမရဲ့အကိုဖြစ်သူထံမှ မွန်ဂျေအင်းထံ ရေးသားထားတဲ့ ပုဂ္ဂိုလ်ရေးစာတစ်စောင်ကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်  ကင်မ်ယိုဂျောင်းဟာ ကိုရီးယားစစ်ပွဲအပြီး ပြိုင်ဘက် တောင်ကိုရီးယားကို လာရောက်ခဲ့တဲ့ မြောက်ကိုရီးယား အာဏာရ ကင်မ်မိသားစုမှ ပထမဆုံး မိသားစုဝင်တစ်ဦးလည်း ဖြစ်လာပါတယ်။

တောင်ကိုရီးယားကို နောက်ဆုံးခြေချခဲ့တဲ့ အာဏာရ ကင်မ်မိသားစုဝင်ဟာ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်မ်ယိုဂျောင်းရဲအဘိုး ကင်မ်အီလ်ဆွန်း ဖြစ်ခဲ့ပါတယ်။ ကင်မ်အီလ်ဆွန်းရဲ့ တပ်ဖွဲ့တွေက ၁၉၅၀ ပြည့်နှစ်မှာ တောင်ကိုရီးယားကို ကျူးကျော်ပြီး ဆိုးလ်မြို့တော်ကို သိမ်းပိုက်ခဲ့စဉ်က ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD