AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြုံယမ်းမြို့မှာ လာရောက်သီဆိုဖျော်ဖြေတဲ့ တောင်ကိုရီးယား K-pop စတားတွေရဲ့ ဖျော်ဖြေပွဲကို ဇနီးဖြစ်သူနဲ့အတူ ကြည့်ရှုအားပေးခဲ့တယ်လို့ တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးကို ဖျော်ဖြေပွဲမှာ တွေ့ရစဉ်


တောင်ကိုရီးယားဂီတအဖွဲ့က မြောက်ကိုရီးယားမှာ လာရောက်ဖျော်ဖြေမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယား အနုပညာရှင် ၁၁ ဦး ပါဝင်တဲ့အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ သီဆိုဖျော်ဖြေပွဲနှစ်ပွဲ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

play


မြောက်ကိုရီးယားကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား ဂီတအဖွဲ့ရဲ့ဖျော်ဖြေပွဲကို ယနေ့ (ဧပြီ ၁ ရက်) ညနေပိုင်းက East Pyongyang Grand Theatre မှာ ကျင်းပပြုလုပ်ကြောင်း သိရပါတယ်။ နောက်ထပ် ဂီတဖျော်ဖြေပွဲကိုတော့ လာမယ့် အင်္ဂနေ့ (ဧပြီ ၃ ရက်) မှာ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား မီဒီယာက ဖော်ပြပါတယ်။

ယနေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား ဂီတဖျော်ဖြေပွဲကို ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းနဲ့ မြောက်ကိုရီးယားအစိုးရ ထိပ်တန်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကင်မ်ယောင်နမ်တို့လည်း ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

play
ပြုံယမ်းမှာ တွေ့ရသည့် Red Velvet အဖွဲ့


မြောက်ကိုရီးယားကို သွားရောက်ဖျော်ဖြေတဲ့ တောင်ကိုရီးယားဂီတအဖွဲ့မှာ K-pop၊ ရော့ခ်နဲ့ အခြား အနုပညာရှင်တွေ ပါဝင်ကြောင်း သိရပါတယ်။ ဂီတအဖွဲဝင်များအနက် အမျိုးသမီး K-pop အဖွဲ့ Red Velvet၊ အမျိုးသမီးအဆိုတော် Seohyun၊ တောင်ကိုရီးယားဂီတလောကမှာ အရှိန်အဝါကြီးသူ Cho Yong-pil နဲ့ အမျိုးသမီးအဆိုတော် Lee Sun-he တို့လည်း ပါဝင်ပါတယ်။

play
အမျိုးသမီးအဆိုတော် Seohyun


ယခုနှစ်အစောပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို မြောက်ကိုရီးယားကလည်း ဖျော်ဖြေရေးအဖွဲ့ စေလွှတ်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှု လအတန်ကြာ မြင့်တက်နေခဲ့ပြီးနောက် ဆောင်းရာသီအိုလံပစ်ပွဲမှစပြီး တင်းမာမှုများ လျော့ကျလာခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယား ဂီတအဖွဲ့ အမှတ်တရ ဓာတ်ပုံရိုက်စဉ်


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်လာမှုနဲ့အတူ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ထိပ်သီးတွေ့ဆုံပွဲကိုလည်း ဧပြီ ၂၇ ရက်မှာ ပြုလုပ်သွားရန် သဘောတူညီထားကြပါတယ်။

play
K-pop စတားများနှင့် တွေ့ဆုံခဲ့သည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့လည်း လာမယ့် မေလအတွင်း ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကင်မ်ဂျုံအန်က မတ်လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံသို့သွားရောက်ပြီး တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်း - K-pop အဆိုတော်များ မြောက်ကိုရီးယားမှာ သွားရောက်ဖျော်ဖြေမည်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD