AD
AD
AD

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ ယနေ့ (ဧပြီ ၂၇ ရက်) မနက်ပိုင်းမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ စတင်မှုအဖြစ် နှစ်နိုင်ငံကိုပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ကင်မ်ဂျုံအန်ဟာ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း နယ်စပ်မျဉ်းကိုဖြတ်ကျော်ကာ တောင်ကိုရီးယားနိုင်ငံဘက်ကို လာရောက်ခဲ့တဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။

play
ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုဂုဏ်ပြုစဉ်


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယားဘက်ရှိ Panmunjom ကျေးရွာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီခွဲ (မြန်မာစံတော်ချိန် ၇ နာရီ) မှာ  နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက နယ်စပ်မျဉ်းနေရာမှာ သွားရောက်ကြိုဆို တွေ့ဆုံခဲ့ပါတယ်။

play
ကင်မ်ဂျုအန်နှင့် မွန်ဂျေအင်းတို့ နယ်စပ်မျဉ်းနေရာမှာ တွေ့ဆုံနှုတ်ဆက်စဉ်


ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်တွေက စစ်မဲ့ဇုန်အတွင်းရှိ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့်အဆောက်အအုံကို ထွက်ခွာသွားရောက်ခဲ့ကြပါတယ်။ ယခု ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားက လတ်တလော အရိပ်အမြွက် ပြောကြားနေတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အဓိကထား ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန် - ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ နောက်ဆုံး ထုတ်ပြန်ချက်အချို့

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေကို တောင်ကိုရီးယားဘက်မှ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ ကင်မ်ဂျုံအန်က မွန်ဂျေအင်းနဲ့ ပထမဆုံး စတင်တွေ့ဆုံရာမှာ "တွေ့ရတာ ဝမ်းသာပါတယ်" လို့ ပြောကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားပါတယ်။


နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ယနေ့ ညစာစားချိန်အထိ အစီအစဉ်များအတိုင်း ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ထိပ်သီးဆွေးနွေးမှုကို နှစ်ပိုင်းခွဲပြုလုပ်သွားမှာဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် မနက် ၈ နာရီ) မှာ စတင်မယ်လို့ သိရပါတယ်။

ပထမပိုင်း ဆွေးနွေးမှုအပြီးမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေက သီးခြားစီ နေ့လယ်စာသုံးဆောင်ကြမှာဖြစ်ပြီး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ၎င်းတို့နိုင်ငံဘက်ကို ပြန်လည်သွားရောက်မှာ ဖြစ်ပါတယ်။

play
ထိပ်သီးဆွေးနွေးပွဲ မစတင်မီ တွေ့ဆုံကြစဉ်


နေ့လယ်စာသုံးဆောင်အပြီးမှာတော့ မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့က နှစ်နိုင်ငံလုံးမှ မြေကြီးနဲ့ရေကိုသုံးပြီး ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု အထိမ်းအမှတ်အဖြစ် ထင်းရှူးပင်စိုက်ကြမယ်လို့ ဆိုပါတယ်။ မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့က နှစ်နိုင်ငံလုံးမှ မြေကြီးနဲ့ရေကိုသုံးပြီး ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု အထိမ်းအမှတ်အဖြစ် ထင်းရှူးပင်စိုက်ကြမယ်လို့ ဆိုပါတယ်။

play
နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ စုပေါင်းဓာတ်ပုံရိုက်စဉ်


သစ်ပင်စိုက်ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေက နောက်တစ်ကြိမ် ဆွေးနွေးမှုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ညစာမသုံးဆောင်မီ ထုတ်ပြန်သွားမယ့် သဘောတူညီချက်နဲ့ ပူးတွဲထုတ်ပြန်ချက်ကို နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ရေးထိုးကာ အပြီးသတ်ရန် စီစဉ်ထားပါတယ်။

နောက်ဆက်တွဲသတင်း

- နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များ ကြေညာ

- အွန်လိုင်းမှာ လူပြောများခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ကိုယ်ရံတော်များ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD