AD
AD
AD

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ ကြိုတင်ကြေညာထားမှုမရှိဘဲ ရုတ်တရက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

play


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲ စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်နိုင်ရေးအတွက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး ယနေ့ (မေလ ၂၆ ရက်) တွေ့ဆုံခဲ့ကြတယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုက ယခုသီတင်းပတ်အတွင်း မရေမရာ ဖြစ်သွားခဲ့သေးတဲ့ ထရန်နဲ့ကင်မ်တို့ရဲ့ ဇွန်လ ၁၂ ရက် စင်ကာပူမှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲဟာ အစီအစဉ်အတိုင်း ဖြစ်မြောက်လာနိုင်တဲ့ လက္ခဏာအဖြစ်လည်း သုံးသပ်ကြပါတယ်။

play


မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံတို့ ယနေ့တွေ့ဆုံမှုဟာ ရက် ၃၀ အတွင်း ဒုတိယအကြိမ်မြောက်လည်း ဖြစ်လာခဲ့ပါတယ်။ ယခုတစ်ကြိမ်မှာတော့ နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်အတွင်းရှိ Panmunjom ကျေးရွာရဲ့ မြောက်ကိုရီးယားဘက်ခြမ်းမှာ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကို Panmunjom ကျေးရွာရဲ့ တောင်ကိုရီးယားပိုင်နက်အတွင်းရှိ Peace House မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play


မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို Panmunjom ကျေးရွာရဲ့ မြောက်ကိုရီးယားပိုင်နက်အတွင်း ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီနဲ့ ၅ နာရီကြားမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"နှစ်နိုင်ငံခေါင်းဆောင်တွေက မြောက်ကိုရီးယားနဲ့ အမေရိကန် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖြစ်မြောက်နိုင်ဖို့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်" လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

play


ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမှုရလဒ်ကို တနင်္ဂနွေနေ့ (မေလ ၂၇ ရက်) မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း မွန်ဂျေအင်းရဲ့ရုံးခန်းက ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံပွဲ ဖြစ်မြောက်လာခဲ့ပါက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

play


မေလ ၂၄ ရက်မှာ သမ္မတထရန့်က မြောက်ကိုရီးယားဘက်ရဲ့ ဒေါသတကြီးနဲ့ရန်လိုတဲ့ ထုတ်ပြန်မှုတွေကြောင့် ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ နောက်တစ်ရက်ဖြစ်တဲ့ မေလ ၂၅ ရက်မှာတော့ မြောက်ကိုရီးယားဘက်က ထိပ်သီးဆွေးနွေးပွဲ ပျက်ပြယ်သွားခြင်းကို အလွန်ဝမ်းနည်းကြောင်း၊ အမေရိကန်နဲ့ အချိန်မရွေး တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play


ထိုရက်မှာပင် အမေရိကန်သမ္မတထရန့်က ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။  မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ဧပြီ ၂၇ ရက် ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်သမ္မတထရန့်နဲ့တွေ့ဆုံရန် စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD