AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့က ယနေ့ (ဧပြီ ၂၇ ရက်) ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

play
သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး တွေ့ရစဉ်


ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်မှာ ခိုင်မာတဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ၁၉၅၃ ခုနှစ် စစ်ပွဲရပ်ဆိုင်းတဲ့ သဘောတူညီချက်ကို ငြိမ်းချမ်းရေးစာချုပ်အဖြစ် ယခုနှစ်အတွင်း ပြောင်းလဲချုပ်ဆိုရန် တွန်းအားပေးဆောင်ရွက်သွားမယ်လို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေက သဘောတူညီခဲ့ကြပါတယ်။

play
မွန်ဂျေအင်းနှင့် ကင်မ်ဂျုံအန်


သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ စစ်လက်နက်များလျှော့ချရေး၊ ရန်လိုတဲ့ ပြုမူဆောင်ရွက်မှုများ ရပ်စဲရေး၊ တပ်ဖွဲ့ဝင်များဖြင့် အခိုင်အမာ တပ်စွဲစောင့်ကြပ်ထားတဲ့ နယ်စပ်ဒေသကို ငြိမ်းချမ်းရေးဇုန်တစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်ရန်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားရန်တို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

play
နယ်စပ်မျဉ်းကို အတူဖြတ်ကျော်ခဲ့သည့် ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း


ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေခဲ့ကြတဲ့ မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေး၊ ခေတ်မီ ရထားလမ်းနဲ့ ကားလမ်းများဖြင့် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းဆက်သွယ်ရေး၊ ယခုနှစ် အာရှအားကစားပြိုင်ပွဲ (Asian Games) အပါအဝင် အားကစားပြိုင်ပွဲတွေမှာ ပူးတွဲ ပါဝင်ယှဉ်ပြိုင်ရေးတို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရှိ မိသားစု ၅၇,၀၀၀ ဝန်ကျင်းရဲ့ မိသားစုဝင်တွေဟာ မြောက်ကိုရီးယားဘက်မှာ ရှိနေကြဆဲဖြစ်ကြောင်း သိရပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဒေသရှိ စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယားဘက်မှာ ယနေ့ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲဟာ ၁၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

play
ကင်မ်ဂျုံအန်၏ မော်တော်ယာဉ်ကို ခြံရံစောင့်ရှောက်ကြသည့် လုံခြုံရေးများ


ယနေ့ ထိပ်သီးဆွေးနွေးမှာ သဘောတူညီခဲ့မှုတွေကို ယခင် ပြုလုပ်ခဲ့ဖူးတဲ့ ဆွေးနွေးပွဲနှစ်ကြိမ်ကဲ့သို့ မဟုတ်ဘဲ အမှန်တစ်ကယ် အကောင်အထည်ဖော်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကတိပြုခဲ့ပါတယ်။

"ကိုရီးယားနှစ်နိုင်ငံက အရင်တုန်းကလို သဘောတူညီမှုတွေအတိုင်း ဖြစ်မလာခဲ့တဲ့ ကံမကောင်းတဲ့သမိုင်း တစ်ကျော့ပြန်မဖြစ်ဖို့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာပါ၊ ကျွန်တော်တို့ရဲ့ သဘောတူညီမှုတွေ အကောင်အထည်ဖော်တဲ့နေရာမှာ လူတွေရဲ့တုံ့ပြန်မှုတွေ၊ အခက်အခဲတွေနဲ့ အတားအဆီးတွေလည်း ကြုံရနိုင်ပါတယ်၊ ဒါပေမဲ့ အနာမခံဘဲနဲ့တော့ အောင်မြင်မှုကို မရနိုင်ပါဘူး" လို့ ကမ်ဂျုံအန်က ပြောခဲ့ပါတယ်။

play
တောင်နဲ့မြောက် ထိပ်သီးတွေ့ဆုံဆွေးနွေးမှု


ယနေ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယားကို ယခုနှစ်နှောင်းပိုင်းမှာ လာရောက်မယ်လို့လည်း နှစ်ဘက်လုံးက အတည်ပြုခဲ့ပါတယ်။

"မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ရပ်ဆိုင်းလိုက်တာက အလွန်အရေးပါတဲ့ လုပ်ဆောင်မှုပါ၊ ဒါက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားလက်နက် လုံးဝဖျက်သိမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်လာမှာပါ" လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

play
ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ယနေ့ မနက်အစောပိုင်းမှစပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မနက်ပိုင်း ဆွေးနွေးမှုအပြီးမှာ သီးခြားစီး နေ့လယ်စာသုံးဆောင်ကြပါတယ်။ ကင်မ်ဂျုံအန်နဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က မနက်ပိုင်းဆွေးနွေးမှုအပြီးမှာ ၎င်းတို့နိုင်ငံဘက်ကို ခေတ္တပြန်သွားပြီး နေ့လယ်စာသုံးဆောင်ကြတာ ဖြစ်ပါတယ်။

play
တောင်ကိုရီးယားဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုကြစဉ်


နေ့လယ်စားသုံးဆောင်ပြီးနောက် ဆွေးနွေးပွဲပြန်မစမီမှာ မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့က နှစ်နိုင်ငံမှ မြေကြီးနဲ့ရေကိုသုံးပြီး  ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု အထိမ်းအမှတ်အဖြစ် ထင်းရှူးပင်စိုက်ခဲ့ကြပါတယ်။ ဆွေးနွေးမှုအပြီး ညစာစားပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံဘက်မှာ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ညစာစားပွဲအပြီးမှာတော့ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေက 'Spring of One' အမည်ရှိ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုကြပြီးနောက် ကင်မ်ဂျုံအန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲက တောင်ကိုရီးယားကနေ ပြန်လည်ထွက်ခွာကြမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

- ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း နယ်စပ်မျဉ်းနေရာမှာ တွေ့ဆုံမှုနဲ့အတူ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ စတင်

- အွန်လိုင်းမှာ လူပြောများခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ကိုယ်ရံတော်များ

- ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ နောက်ဆုံး ထုတ်ပြန်ချက်အချို့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD