AD
AD
AD

ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့တဲ့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောတစ်စီးကို သြစတြေးလျကမ်းလွန်မှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

play


USS Lexington ဟာ သြစတြေးလျအရှေ့ကမ်းရိုးတန်းမှ ၄၉၇ မိုင်ခန့်အကွာ Coral Sea ရေအောက်အနက် ၂ မိုင်ခန့်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘောဟာ ၁၉၄၂ ခုနှစ် မေလ ၄ ရက်မှ ၈ ရက်အထိ Coral Sea မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နစ်မြုပ်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

USS Lexington လေယာဉ်တင်သင်္ဘောကို Microsoft ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ပေါလ်အလန်ရဲ့ ကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်ရေတပ်က အတည်ပြုခဲ့ပါတယ်။ USS Lexington ကို နစ်မြုပ်ခဲ့ပြီးနောက် ၇၆ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

play


ပင်လယ်ရေအောက်မှ လေယာဉ်တင်သင်္ဘော အပျက်အစီး ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ရာ အပျက်အစီးတွေဟာ မူလအနေအထားအတိုင်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့ (မတ်လ ၄ ရက်) မှာ ပေါလ်အလန်ရဲ့ Vulcan ကုမ္ပဏီက လေယာဉ်တင်သင်္ဘော USS Lexington နဲ့အတူ သင်္ဘောပေါ်မှာပါရှိခဲ့တဲ့ လေယာဉ် ၃၅ စီးအနက် ၁၁ စီးကို ရှာဖွေတွေ့ရှိခဲ့ပါတာ ဖြစ်ပါတယ်။

play


အမေရိကန်စစ်တပ် ပစိဖိတ်ဌာနချုပ် အကြီးအကဲ အဒမ်ဟယ်ရီဟာရစ်က ယခု ရှာဖွေတွေ့ရှိမှုကို ချီးကျူးစကား ပြောခဲ့ပါတယ်။

"Lady Lex ကို ရှာဖွေတွေ့ရှိနိုင်တဲ့အတွက် USS Lexington ဖြစ်ရပ်မှာ အသက်ရှင်ခဲ့သူရဲ့ သားတစ်ယောက်အနေနဲ့ ပေါလ်အလန်နဲ့ Research Vessel (R/V) Petrel မှ ရှာဖွေရေးအဖွဲ့ကို ချီးကျူးဂုဏ်ပြုပါတယ်" လို့ အဒမ်က ယနေ့ (မတ်လ ၆ ရက်) ပြောခဲ့ပါတယ်။

play


၁၉၄၂ ခုနှစ် Coral Sea မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ပစိဖိတ်ဒေသကို လက်ဦးမှုရယူရန်မှုအား ဟန့်တားခဲ့တဲ့ အဓိက တိုက်ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ထိုစဉ်က တိုက်ပွဲအတွင်း USS Lexington ကို ဂျပန် တော်ပီဒိုဒုံးကျည်နဲ့ ဗုံးများ ထိမှန်ခံခဲ့ရပြီးနောက် အမေရိကန်တပ်ဖွဲ့တွေက သင်္ဘောဝမ်းဗိုက်ကိုဖောက်ပြီး တမင်မြှုပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

USS Lexington လေယာဉ်တင်သင်္ဘော တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် ၂၁၆ ဦး သေဆုံးခဲ့ကြောင်းနဲ့ အခြား ၂,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောခဲ့ပါတယ်။

play


လေယာဉ်တင်သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့တဲ့ Petrel က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ပင်လယ်ကြမ်းပြင်မှာ USS Lexington အမည်ရိုက်နှိပ်ထားတဲ့ သင်္ဘောကိုယ်ထည်နဲ့ အမြောက်တွေကို တွေ့ရပါတယ်။

သင်္ဘောပေါ်မှာရှိတဲ့ လေယာဉ်အချို့ဟာလည်း ဆိုးရွားစွာ ပျက်စီးမှုမရှိသေးတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ရေတပ်က USS Lexington လေယာဉ်တင်သင်္ဘောကို စစ်သင်္ချိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် ပြန်လည်ဆယ်ယူသွားမှာ မဟုတ်ကြောင်း သိရပါတယ်။

play


"USS Lexington က ကျွန်တော်တို့ရဲ့ ဦးစားပေးရှာဖွေမှုစာရင်းမှာ ပါဝင်ပါတယ်၊ ဒီ သင်္ဘောကြီးက ဒုတိယကမ္ဘာစစ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ စစ်သင်္ဘောကြီးတွေထဲက တစ်စီးလည်းဖြစ်ပါတယ်၊ သင်္ဘောကို ရှာဖွေတွေ့ရှိနိုင်ဖို့ ခြောက်လလောက် ကြာခဲ့ပါတယ်" လို့ Vulcan ကုမ္ပဏီမှ ပြောခွင့်ရအမျိုးသား ရောဘတ်ခရတ်ဖ်က ပြောပါတယ်။

Vulcan က ယမန်နှစ်အတွင်းကလည်း ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ နစ်မြုပ်ခဲ့တဲ့ USS Indianapolis သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဂျပန်စစ်သင်္ဘော Musashi နဲ့ အီတလီရေတပ်မှ Artigliere စစ်သင်္ဘောတို့ကိုလည်း Vulcan က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD