AD
AD
AD

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခ်ရွန်ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရန့်ကို လက်ဆောင်ပေးခဲ့ပြီး အိမ်ဖြူတော်မြက်ခင်းပြင်မှာ အတူတကွ စိုက်ပျိုးခဲ့ကြတဲ့ ဝက်သစ်ချပင် ပျောက်ဆုံးသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

play
ထရန့်နှင့် မက်ခ်ရွန်တို့ ဝက်သစ်ချပင် အတူစိုက်ခဲစဉ်


သမ္မတနှစ်ဦး အတူစိုက်ခဲ့ကြတဲ့ အဆိုပါ ဝက်သစ်ချပင်ပေါက်ကို စိုက်ပျိုးခဲ့တဲ့နေရာမှာ မတွေ့ရတော့ဘဲ ပျောက်ဆုံးနေမှုအား Reuters သတင်းဌာနမှ ဓာတ်ပုံသတင်းထောက်က စနေနေ့ (ဧပြီ ၂၈ ရက်) မှာ သတိပြုမိသွားခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်မှာ စိုက်ပျိုးခဲ့တဲ့ ဝက်သစ်ချပင်ပေါက်ကို ပထမကမ္ဘာစစ်ကာလအတွင်း Belleau Wood တိုက်ပွဲဖြစ်ခဲ့တဲ့ ပြင်သစ်အရှေ့မြောက်ပိုင်းမှ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဝက်သစ်ချပင်ပေါက်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်သစ်သမ္မတမက်ခ်ရွန်က အမေရိကန်သမ္မတထရန့်နဲ့ တွေ့ဆုံစဉ် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ ၎င်းတို့နှစ်ဦး အတူစိုက်ခဲ့ကြပါတယ်။

play
ဝက်သစ်ချပင်စိုက်အပြီး တွေ့ရသည့် သမ္မတစုံတွဲနှစ်တွဲ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပထမကမ္ဘာစစ်အတွင်း အသက်ပေးခဲ့ကြရတဲ့ အမေရိကန်စစ်သည်တွေကို အမှတ်တရရှိနေစေရန် ဝက်သစ်ချပင်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်တယ်လို့ ပြင်သစ်သမ္မတမက်ခ်ရွန်က ပြောခဲ့ပါတယ်။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၈ ခုနှစ် နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ Belleau Wood တိုက်ပွဲမှာ အမေရိကန်စစ်သား ၂,၀၀၀ နီးပါး ကျဆုံးခဲ့ကြပါတယ်။ ယခုအခါ သမ္မတနှစ်ဦး စိုက်ပျိုးခဲ့ကြတဲ့ ဝက်သစ်ချပင် ပျောက်ဆုံးသွားမှုက ပဟေဠိဆန်ဆန် ဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဝက်သစ်ချပင် ပျောက်ဆုံးသွားခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ပြင်သစ် တာဝန်ရှိသူတွေက အဆိုပါ သစ်ပင်ကို အချိန်ကာလတစ်ခုအထိ သီးခြားခွဲထားခြင်းသာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားကြပါတယ်။

play
သစ်ပင်စိုက်ခဲ့သည့် မြက်ခင်းပြင်မှာ အဝါရောင်အကွက်အဖြစ် တွေ့ရစဉ်


ဝက်သစ်ချပင်မှာပါလာတဲ့ ကပ်ပါးပိုးကောင်တွေက အိမ်ဖြူတော်ဝင်းအတွင်း အခြား အပင်နဲ့ နေရာတွေကို ပျံ့နှံ့သွားနိုင်တာကြောင့် ထိုသို့ သီးခြားခွဲထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီသစ်ပင်ကို သီးခြားခွဲထားတဲ့ အချိန်ကာလပြီးရင် အိမ်ဖြူတော် မြက်ခင်းပြင်မှာ အမြန်ဆုံး ပြန်စိုက်သွားမှာပါ၊ မစိုးရိမ်ပါနဲ့၊ သစ်ပင်က ကောင်းကောင်းမွန်မွန် ရှိနေပါတယ်" လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

play
အိမ်ဖြူတော်ဝင်းအတွင်း တွေ့ရသည့် သမ္မတစုံတွဲနှစ်တွဲ


ပုံမှန်အားဖြင့် နိုင်ငံခြားရပ်ခြားမှ အပင်များကို အမေရိကန်နိုင်ငံအတွင်း တင်သွင်းယူဆောင်ခြင်းမပြုမီ စစ်ဆေးအတည်ပြုချက် ရယူရန်လိုအပ်ကြောင်း အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန (US Customs and Border Protection) ဝက်ဘ်ဆိုက်မှာ ရှင်းပြထားပါတယ်။

ပြင်သစ် ရေဒီယိုသတင်းဌာန Franceinfo ကတော့ အိမ်ဖြူတော်မှာ စိုက်ပျိုးခဲ့တဲ့ ဝက်သစ်ချပင် အမျိုးအစားဟာ ဆောင်းဦးရာသီအတွင်း စိုက်ပျိုးရန်သင့်တော်တဲ့ အပင်ဖြစ်ကြောင်းနဲ့ လာမယ့် အောက်တိုဘာလမှာ ပြန်စိုက်သွားဖွယ်ရှိကြောင်း ပန်းဥယျာဉ်ဆိုင်ရာဝက်ဘ်ဆိုက် gerbaud.com ကို ကိုးကားပြီး ခန့်မှန်းပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD