AD
AD
AD

မိန်းကလေးတွေ ပညာသင်ကြားခွင့် ပိုမိုရရှိရေး တက်ကြွလှုပ်ရှားခဲ့မှုကြောင့် တာလီဘန်စစ်သွေးကြွတွေရဲ့ ဦးခေါင်းကို ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ပြီးနောက် ခြောက်နှစ်အကြာမှာတော့ နိုဘယ်ဆုရှင် မာလာလာ ယူဆက်ဖ်ဇိုင်း (Malala Yousafzai) က သူမရဲ့မွေးရပ်မြေ ပါကစ္စတန်နိုင်ငံကို ယနေ့ (မတ်လ ၂၉ ရက်) ပြန်လည်ခြေချခဲ့ပါတယ်။

play
နိုဘယ်ဆုရှင် မာလာလာ


ပါကစ္စတန် ရုပ်မြင်သံကြားသတင်းဌာန Geo TV က သတင်းဖော်ပြခဲ့ရာမှာ အစ္စလာမ်မာဘတ် အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ လုံခြုံရေးအစောင့်အရှောက်တွေနဲ့အတူ ကားတစ်စီးဆီသို့ လမ်းလျှောက်သွားသွားနေတဲ့ မာလာလာကို တွေ့ရပါတယ်။

မာလာလာဟာ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဟစ်ခါကန်းအဘက်စီကို ၎င်းရဲ့ရုံးခန်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ သို့သော် သူမရဲ့ ဇာတိဖြစ်တဲ့ ဆွက်ဒေသကိုတော့ လုံခြုံရေးအခြေအနေကြောင့် သွားရောက်ရန် မသေချာသေးကြောင်း ဒေသခံမီဒီယာက ဖော်ပြထားပါတယ်။

play
မာလာလာ စီးနင်းလိုက်လာသည့် မော်တော်ကား


မာလာလာဟာ အမျိုးသမီးများ ပညာသင်ကြားခွင့် တက်ကြွလှုပ်ရှားမှုကြောင့် ၂၀၁၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရစဉ်က အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး အသက်အငယ်ဆုံး နိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ယခုအခါ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ မာလာလာက ၂၀၁၂ ခုနှစ်နောက်ပိုင်း မွေးရပ်မြေ ပါကစ္စတန်ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းက မာလာလာ လိုက်ပါလာတဲ့ကားကို မျက်နှာဖုံးစွပ် သေနတ်သမားတွေက တားဆီးပြီးနောက် သူမကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play
အောက်စ်ဖို့တက္ကသိုလ် စတတ်သည့်နေ့က Twitter မှာ မာလာလာ ရေးသားထားမှု


ပစ်ခတ်မှုအတွင်း မာလာလာဟာ ဦးခေါင်းကို ထိမှန်ခံခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ခဲ့ပြီးနောက် သူမကို ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ခဲ့ကာ ဘာမင်ဂမ်မြို့ရှိ Queen Elizabeth ဆေးရုံမှာ ခွဲစိတ်ကုသပြီး ဦးခေါင်းထဲမှ ကျည်ဆန်ကိုထုတ်ပေးနိုင်ခဲ့ပါတယ်။

မာလာလာရဲ့ မွေးရပ်ဇာတိ ဆွက်တောင်ကြားဒေသကို ပါကစ္စတန်တာလီဘန်တို့က ၂၀၀၉ ခုနှစ် မတိုင်မီအထိ ထိန်းချုပ်ထားခဲ့ကြောင်းလည်း သိရပါတယ်။ မိန်းကလေးတွေ ပညာသင်ကြားခွင့်ပိုမိုရရှိရေး တက်ကြွလှုပ်ရှားမှုကြောင့် မာလာလာကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ နောက်ပိုင်းမှာ တာလီဘန်တို့က ထုတ်ဖော်ပြောခဲ့ပါတယ်။

play
ဗြိတိန်မှာ ဆေးကုသမှုခံယူနေစဉ် မိသားစုနှင့်အတူ တွေ့ရသည့် မာလာလာ


ဗြိတိန်မှာ နေထိုင်လျက်ရှိတဲ့ မာလာလာက Malala Fund ရန်ပုံငွေအဖွဲ့ကို တည်ထောင်ထားပြီး ပါကစ္စတန်၊ နိုက်ဂျီးရီးယား၊ ဂျော်ဒန်၊ ဆီးရီးယားနဲ့ ကင်ညာနိုင်ငံတို့ရှိ ပညာသင်ကြားရေး စည်းရုံးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့နေပါတယ်။ လက်ရှိမှာ မာလာလာဟာ အောက်စ်ဖို့တက္ကသိုလ်မှာ ပညာသင်ကြားနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD