AD
AD
AD

မလေးရှားနိုင်ငံမှာ ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ဇ်နဲ့မိသားစု နေထိုင်လျက်ရှိတဲ့ နေအိမ်အပါအဝင် ၎င်းနဲ့ဆက်စပ်နေတဲ့ နေရာငါးခုကို ဝင်ရောက်ရှာဖွေခဲ့ကြကြောင်းသိရပါတယ်။ ယမန်နေ့ (မေလ ၁၆ ရက်) ညပိုင်းမှစပြီး ယနေ့ (မေလ ၁၇ ရက်) မနက်ပိုင်းအထိ အဆိုပါနေရာငါးခုမှာ ရှာဖွေစစ်ဆေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

play
ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ဇ်


ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ ရှေ့နေတစ်ဦးက ပြောကြားမှုအရ ရဲတပ်ဖွဲ့က နဂျစ်ရဲ့နေအိမ်မှ လက်ဆွဲအိတ်များနဲ့ အခြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ပစ္စည်းအနည်းငယ်ကို ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ပြီး သိမ်းဆည်းသွားခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ ပြီးခဲ့တဲ့  သီတင်းပတ်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာလက်လွှတ်ခဲ့ရပါတယ်။

play
ဝန်ကြီးချုပ်ဟောင်းနဂျစ် နေအိမ်အနီး မြင်ကွင်း


နဂျစ်တည်ထောင်ခဲ့တဲ့ မလေးရှားအစိုးရပိုင် 1Malaysia Development Berhad (1MDB) ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ငွေကြေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်နိုင်ငံမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နဂျစ်ဟာ 1MDB ရန်ပုံငွေ ဒေါ်လာ သန်း ၇၀၀ ကို အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

play
နဂျစ်၏ရှေ့နေက သတင်းထောက်များနှင့် တွေ့ဆုံစဉ်


ယမန်နေ့ညပိုင်းနဲ့ ယနေ့မနက်အထိ ရှာဖွေမှုတွေကို ကွာလာလမ်ပူရှိ ဝန်ကြီးချုပ်ဟောင်းနဂျဟစ် မိသားစုနေထိုင်တဲ့ နေအိမ်အပါအဝင် နေရာငါးခုမှာ လုပ်ဆောင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ စီးပွားရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှ အကြီးအကဲ အေမာဆင်းဂ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

 

ရှာဖွေမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ၎င်းက မပြောခဲ့ပါဘူး။ သို့သော် Star သတင်းစာရဲ့ ဖော်ပြမှုအရ ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ ရုံးခန်း၊ လက်ရှိနေထိုင်တဲ့နေအိမ်နဲ့ ကွာလာလမ်ပူမှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းရှိ နဂျစ်မိသားစုနဲ့ ပတ်သက်နေတဲ့ နေရာနှစ်ခုတို့ကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

play
ဝန်ကြီးချုပ်ဟောင်းနဂျစ် နေအိမ်အနီး ရဲတပ်ဖွဲ့က နေရာယူစောင့်ကြပ်နေစဉ်


မလေးရှားရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်က အဆိုပါ နေရာများသို့ ကနဦး ဝင်ရောက်ခဲ့ကြပြီးနောက် ရှာဖွေမှုတွေကို ၁၂ နာရီနီးပါးကြာ လုပ်ဆောင်ခဲ့ကြပြီး ယနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီအထိ ဆက်လက် ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်က မွတ်စလင်မ်ဥပုသ်လ ပထမဆုံးရက်အဖြစ် ဗလီမှာဝတ်ပြုဆုတောင်းပြီး နေအိမ်သို့ပြန်ရောက်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေမှုတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် နဂျစ်နဲ့ဇနီးဖြစ်သူတို့ကို နိုင်ငံမှထွက်ခွာခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။

play
မလေးရှားဝန်ကြီးချုပ် မဟာသီယာ


မေလ ၉ ရက် မလေးရှားရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမိုဟာမက်က အနိုင်ရပြီး တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက နဂျစ်အစိုးရလက်ထက်မှာ အရှုပ်အထွေးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အစိုးရပိုင် 1MDB ရန်ပုံငွေတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ယခင်ကလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့ဖူးသူ မဟာသီယာက အသက်အကြီးဆုံး ရွေးကောက်ခံခေါင်းဆောင်အဖြစ်လည်း မှတ်တတမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD