AD
AD
AD

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းတွေကနေ ငွေများ၊ လက်ဝတ်ရတနာများနဲ့ အခြား အဖိုးတန်ပစ္စည်းများ ထည့်ထားတဲ့ တန်ဖိုးကြီး လက်ဆွဲအိတ်အများအပြားကို မလေးရှားရဲတပ်ဖွဲ့က သေတ္တာ ၂၈၄ လုံးစာ သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

play


ယနေ့ (မေလ ၁၈ ရက်) အာရုဏ်တက်ချိန်မတိုင်မီ အဆိုပါ ကွန်ဒိုတိုက်ခန်း အဆောက်အအုံကို စီးနင်းရှာဖွေခဲ့ပြီး ငွေများ၊ လက်ဝတ်ရတနာများ၊ တန်ဖိုးကြီးနာရီများနဲ့ အခြား အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယနေ့ ဝင်ရောက်စီးနင်းရှာဖွေမှုအတွင်း ကွန်ဒိုတိုက်ခန်းသုံးခုကနေ သိမ်းဆည်းခဲ့တဲ့ ငွေနဲ့ပစ္စည်းတန်ဖိုးပမာဏဟာ အလွန်များပြားတာကြောင့် ချက်ချင်း ခန့်မှန်းပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ မလေးရှားရဲတပ်ဖွဲ့ စီးပွားရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှ အကြီးအကဲ အေမာဆင်းဂ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

play
အေမာဆင်းဂ်က သတင်းထောက်များနှင့် တွေ့ဆုံပြောကြားစဉ်


"ကျွန်တော် တွေ့ရသလောက်ကတော့ အိတ် ၇၂ လုံးထဲမှာ မလေးရှားရင်းဂစ်နဲ့ အမေရိကန်ဒေါ်လာ အပါအဝင် ငွေစက္ကူမျိုးစုံ၊ လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးကြီးနာရီတွေပါပါတယ်လို့" ၎င်းကဆိုပါတယ်။ သိမ်းဆည်းခဲ့တဲ့ တန်ဖိုးကြီး လက်ဆွဲအိတ်တွေအနက် ကမ္ဘာကျော် Hermes နဲ့ Louis Vuitton အမှတ်တံဆိပ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

play


ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ ရုံးခန်းနဲ့ နေအိမ်အပါအဝင် နေရာခြောက်ခုကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြကြောင်း အေမာဆင်းဂ်က ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ နေအိမ်ကနေ ကမ္ဘာကျော်အမှတ်တံဆိပ် လက်ကိုင်အိတ် ၅၂ လုံး၊ တန်ဖိုးကြီးနာရီ ၁၀ လုံးနဲ့ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို သိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။

ယခု စီးနင်းရှာဖွေမှုတွေဟာ ဝန်ကြီးချုပ်ဟောင်းနဂျစ် တည်ထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ငွေကြေးအရှုပ်အထွေး ပေါ်ပေါက်ခဲ့တဲ့ 1Malaysia Development Berhad (1MDB) ကုမ္ပဏီကိစ္စ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်နေကြောင်းလည်း အေမာဆင်းဂ်က အတည်ပြုခဲ့ပါတယ်။

play
ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်


"စစ်ဆေးရှာဖွေမှုတွေက အဆင်ပြေပြေပါပဲ၊ Jalan Raja Chulan အဆင့်မြင့် ကွန်ဒိုတိုက်ခန်းတွေကို ဝင်ရောက်ရှာဖွေရာမှာ ဟန်တားပိတ်ပင်တာမျိုးတွေ မရှိခဲ့ပါဘူး၊ ဒီလို စီးနင်းရှာဖွေမှုအတွက် လိုအပ်တဲ့ ရှာဖွေခွင့်ဝရမ်းလည်းပါပါတယ်၊ ရှာဖွေသိမ်းဆည်းမှုကို နှစ်နာရီခွဲအတွင်း အပြီးသတ်လုပ်ဆောင်ခဲ့ပါတယ်" လို့ စီးပွားရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှ အကြီးအကဲက ပြောပါတယ်။

ယခု သိမ်းဆည်းခဲ့တဲ့ ပစ္စည်းများအနက် ရွှေချောင်းတွေလည်း ပါဝင်ခဲ့ကြောင်း မီဒီယာတစ်ခုက ပြောဆိုမှုကိုတော့ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆန်သွားခဲ့ပါတယ်။

play


သိမ်းဆည်းခဲ့တဲ့ ငွေနဲ့ပစ္စည်းတွေက ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို တရားစွဲဆိုရန် လုံလောက်တဲ့ သက်သေအထောက်အထားဟုတ် မဟုတ် မေးမြန်းခဲ့ရာမှာတော့ ထိုဆုံးဖြတ်ချက်ဟာ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် မိုဟမ်မက်ဖူဇီဟာရွန်က ဆုံးဖြတ်မှာဖြစ်ကြောင်း အေမာဆင်းဂ်က ဖြေကြားခဲ့ပါတယ်။

"1MDB ကိစ္စနဲ့ပတ်သက်ပြီး စီးနင်းရှာဖွေဖို့ပဲ ညွန်ကြားချက်ရခဲ့ပါတယ်၊ ကျွန်တော်တို့ ဒီကိစ္စကို တာဝန်အရပဲ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်၊ ကျွန်တော့် အရာရှိတွေကိုလည်း အသေးစိတ် မခြွင်းမချန် စုံစမ်းစစ်ဆေးဖို့ ညွန်ကြားခဲ့ပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

play


ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့နေအိမ်မှ သိမ်းဆည်းခဲ့တဲ့ မီးခံသေတ္တာကိုဖွင့်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ နဂျစ် တည်ထောင်ခဲ့တဲ့ 1MDB ကုမ္ပဏီ ငွေကြေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်နိုင်ငံမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မလေးရှားရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ဟောင်း နဂျစ်ရဲ့နေအိမ် အပါအဝင် ၎င်းနဲ့ပတ်သက်နေတဲ့ နေရာတွေကို မေလ ၁၆ ရက် ညပိုင်းကနေ နောက်တစ်ရက် မနက်အစောပိုင်းအထိ စီးနင်းရှာဖွေမှုတွေလည်း ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

play


နဂျစ်ဟာ 1MDB ရန်ပုံငွေ ဒေါ်လာ သန်း ၇၀၀ ကို အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ နဂျစ်ဟာ မေလ ၉ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမိုဟာမက်က အနိုင်ရပြီး တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

play
မလေးရှားဝန်ကြီးချုပ် မဟာသီယာ


မလေးရှားဝန်ကြီးချုပ် မဟာသီယာက နဂျစ်အစိုးရလက်ထက်မှာ အရှုပ်အထွေးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အစိုးရပိုင် 1MDB ရန်ပုံငွေတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောထားခဲ့ပါတယ်။ ယခင်ကလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့ဖူးသူ မဟာသီယာက အသက်အကြီးဆုံး ရွေးကောက်ခံခေါင်းဆောင်အဖြစ်လည်း မှတ်တတမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD