AD
AD
AD

မလေးရှားရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်နဲ့ ၎င်းရဲ့ဇနီး ရို့စ်မာမန်ဆာကို နိုင်ငံမှထွက်ခွာခွင့် ပိတ်ပင်လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။

play
နဂျစ်ရာဇက်ခ်နှင့် ဇနီး ရို့စ်မာမန်ဆာ


ဝန်ကြီးချုပ်ဟောင်းနဂျစ်က ၎င်းနဲ့ဇနီးဖြစ်သူတို့ဟာ ယနေ့ (မေလ ၁၂ ရက်) မှာ နိုင်ငံရပ်ခြားသို့ထွက်ခွာပြီး အနားယူမယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပြီးနောက် နိုင်ငံမှထွက်ခွာခွင့် တားမြစ်ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

မလေးရှားမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ အာဏာချုပ်ကိုင်လာခဲ့တဲ့ နဂျစ်ရဲ့ Barisan Nasional (BN) ညွန့်ပေါင်းအဖွဲ့ဟာ ယခုသီတင်းပတ် အစောပိုင်းက အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာလက်လွှတ်ခဲ့ရပါတယ်။

play
နဂျစ်ရာဇက်ခ်က Facebook မှာ ရေးသားထားမှု


ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ 1Malaysia Development Berhad (1MDB) ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ အဆိုပါ 1MDB အရှုပ်အထွေးဟာ နဂျစ်ကို ရွေးကောက်ပွဲရှုံးနိမ့်စေခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

နဂျစ်က ၎င်းကို နိုင်ငံမှထွက်ခွာခွင့် တားမြစ်ပိတ်ပင်လိုက်တဲ့ ညွှန်ကြားချက်ကို လေးစားလိုက်နာမှာဖြစ်ပြီး မိသားစုနဲ့အတူ မလေးရှားမှာသာ ရှိနေမယ်လို့ Twitter နဲ့ Facebook မှာ ပြောခဲ့ပါတယ်။

"လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို နိုင်ငံကနေ ထွက်ခွာခွင့်မပြုဘူးလို့ အကြောင်းကြားလာပါတယ်၊ ကျွန်တော် ဒီညွန်ကြားချက်တွေကို လေးစားလိုက်နာပြီး နိုင်ငံထဲမှာပဲ မိသားစုနဲ့အတူ ရှိနေပါမယ်" လို့ ဝန်ကြီးချုပ်ဟောင်းနဂျစ်က ဆိုပါတယ်။

play
မလေးရှားဝန်ကြီးချုပ် မဟာသီယာ


ဗုဒ္ဓဟူးနေ့ (မေလ ၉ ရက်) မှာ ပြုလုပ်ခဲ့တဲ့ အထွေအထွေရွေးကောက်ပွဲမှာ မလေးရှားဝန်ကြီးချုပ်အဖြစ် ယခင်က နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့သူ ဒေါက်တာ မဟာသီယာ မိုဟာမက်ရဲ့ Pakatan Harapan (PH) အတိုက်အခံ ညွန့်ပေါင်းအုပ်စုက အနိုင်ရခဲ့ပါတယ်။

အသက် ၉၂ နှစ်အရွယ် မဟာသီယာက တစ်ကျော့ပြန် မလေးရှားဝန်ကြီးချုပ်အဖြစ် မေလ ၁၀ ရက်မှာ ကျမ်းကျိန်ဆိုခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

play
ဒေါက်တာမဟာသီယာကို ထောက်ခံသူများ အောင်ပွဲခံနေစဉ်


မလေးရှားဝန်ကြီးချုပ် မဟာသီယာက နဂျစ်အစိုးရလက်ထက်မှာ အရှုပ်အထွေးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အစိုးရပိုင် 1MDB ရန်ပုံငွေတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ယနေ့ နောက်ဆုံးသိရတဲ့ သတင်းတွေအရ ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ United Malay National Organisation (UMNO) ပါတီ ဥက္ကဋ္ဌအဖြစ်နဲ့ BN ညွန့်ပေါင်းအုပ်စုခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD