AD
AD
AD

ဂျပန်နိုင်ငံမှ မာဆာဇိုနိုနာကာ (Masazo Nonaka) အမည်ရှိ အသက် ၁၁၂ နှစ်အရွယ် အဘိုးအိုကို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့က သတ်မှတ်လိုက်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ နိုနာကာက ဂင်းနစ်စံချိန်အဖွဲ့က ပေးအပ်တဲ့ တရားဝင်အသိအမှတ်ပြုတဲ့ မှတ်တမ်းလွှာကို ၎င်းရဲ့နေအိမ်မှာ ယနေ့ (ဧပြီ ၁၀ ရက်) လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

play
ဂင်းနစ်စံချိန်နှင့်အတူ တွေ့ရသည့် နိုနာကာ


ဂျပန်မြောက်ပိုင်း ဟော့ကိုင်ဒိုးကျွန်းမှာ နေထိုင်လျက်ရှိတဲ့ နိုနာကာဟာ ၁၉၀၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ အဘိုးအိုနိုနာကာက မိသားစုနဲ့အတူ နေထိုင်လျက်ပြီး ၎င်းတို့က ရေပူစမ်းပါ တည်းခိုခန်းတစ်ခုကို ပိုင်ဆိုင်ကြောင်း သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အဘိုးအိုနိုနာကာရဲ့ အသက်ရှည်ခြင်းလျှို့ဝှက်ချက်မှာ အချိုစားခြင်းနဲ့ ရေနွေးဖြင့်ရေချိုးခြင်း ဖြစ်တယ်လို့ ၎င်းရဲ့မိသားစုက ပြောပါတယ်။

"အဘိုးက ဘီးတပ်ကုလားထိုင်နဲ့ ရွေ့လျားသွားလာရပေမဲ့ ကျန်းမာရေးကတော့ ကောင်းပါတယ်၊ သူက အချိုအစားအစာမှန်သမျှ အကုန်ကြိုက်တယ်၊ ဂျပန်စာဖြစ်ဖြစ်၊ အနောက်တိုင်းစာဖြစ်ဖြစ်ပေါ့" လို့ နိုနာကာရဲ့မြေးဖြစ်သူ အမျိုးသမီး ယူကိုနိုနာကာက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

play
အသက် ၁၁၁ နှစ်ပြည့်မွေးနေ့မှာ မိသားစုနှင့်အတူ တွေ့ရသည့် နိုနာကာ


အဘိုးအို နိုနာကာက နေ့စဉ် သတင်းစာဖတ်လေ့ရှိပြီး ရေပူစမ်းမှာ မကြာခဏ ရေစိမ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအိုနိုနာကာမှာ မွေးချင်းများအဖြစ် ညီခုနစ်ဦးနဲ့ ညီမတစ်ဦးရှိပြီး ၎င်းတို့က ဟော့ကိုင်ဒိုးကျွန်းရှိ အက်စ်ဟိုရိုမြို့မှာ နေထိုင်ကြကြောင်း သိရပါတယ်။

နိုနာကာဟာ ၁၉၃၁ ခုနှစ်မှာ ဟတ်ဆူနို အမည်ရှိ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး ကလေးငါးဦးရှိကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ (Guinness World Records) က ဖော်ပြထားပါတယ်။

ယခင်က ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် အသက် ၁၁၃ နှစ်ဖြင့် ဂင်းနစ်စံချိန်တင်ထားခဲ့တဲ့ စပိန်နိုင်ငံမှ ဖရန်စစ္စကို နူနက်ဇ် အိုလီဗီရာ ဖေဖေါ်ဝါရီလအတွင်း ကွယ်လွန်သွားခဲ့ပြီးနောက် နိုနာကာက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဖြစ်လာခဲ့ကြောင်းလည်း ဂင်းနစ်အဖွဲ့က ပြောပါတယ်။

play
အသက် ၁၁၀ ပြည့် မွေးနေ့ကျင်းပနေသည့် နိုနာကာ

 
လက်ရှိမှာ ဂင်းနစ်အဖွဲ့က ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် စံချိန်တင်နိုင်မယ့်သူကို စုံစမ်းရှာဖွေနေကြောင်းလည်း သိရပါတယ်။ ယခင်က ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် စံချိန်တင်ခဲ့သူမှာ ဂျမေကာနိုင်ငံမှ အသက် ၁၁၇ နှစ်အရွယ် ဗိုင်အိုလက်ဘရောင်း ဖြစ်ခဲ့ပြီး ၎င်းဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ကွယ်လွန်သွားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အသက်ရှည်စွာ နေထိုင်နိုင်ကြသူများတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် သတ်မှတ်ခံရသူအချို့ ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ ဂျီရိုမွန်ကီမူရာ အမည်ရှိ အဘိုးအိုဟာလည်း အသက် ၁၁၆ နှစ်ဖြင့် ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် ဇွန်လမှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD