AD
AD
AD

ဆီးရီးယားမှာ ဓာတုလက်နက်သုံးခဲ့ကြောင်း သံသယဖြစ်ဖွယ် တိုက်ခိုက်မှုအတွက် ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ပြောထားခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားကို အကူအညီပေးနေတဲ့ ရုရှားနိုင်ငံအား ဧပြီ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။

play
ဧပြီ ၇ ရက် ဒူမာမြို့ တိုက်ခိုက်မှုဖြစ်အပြီး တွေ့ရသည့် ကလေးအချို့


သမ္မတထရန့်က 'ဒုံးကျည်တွေလာတော့မယ်' လို့ ကြေညာခဲ့ပြီး ရုရှားအစိုးရအနေနဲ့ ဆီးရီးယားသမ္မတ ဘရှား အယ်လ်အာဆတ်နဲ့အတူ ရင်ဆိုင်ကြဖို့ အသင့်ပြင်ထားရန် သတိပေး ပြောကြားခဲ့ပါတယ်။ ထရန့်ရဲ့ ယခု သတိပေးစကားဟာ ဆီးရီးယားပြည်တွင်းစစ်မှာ မတူညီတဲ့ဘက်တွေကို အကူအညီပေးနေကြတဲ့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား တိုက်ရိုက် ပဋိပက္ခတွေ မြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


"ဆီးရီးယားကို ပစ်ခတ်လာမယ့် ဘယ်ဒုံးကျည်ကိုမဆို ပစ်ချဟန့်တားမယ်လို့ ရုရှားက ပြောထားတယ်၊ အသင့်ပြင်ထားလိုက်ပါ ရုရှားရေ၊ ဘာလို့လဲဆိုတော့ အလွန်ကောင်းမွန်ပြီး ပစ်မှတ်တိကျတဲ့ ဒုံးကျည်အသစ်တွေ လာတော့မယ်" လို့ သမ္မတထရန့်က Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် "ဓာတုအဆိပ်နဲ့ သူ့ပြည်သူတွေကိုသတ်ပြီး အရသာတွေ့နေတဲ့ တိရိစ္ဆာန်နဲ့ အပေါင်းအဖော် မလုပ်သင့်ဘူး" လို့လည်း ထရန့်က ရှုတ်ချပြောခဲ့ပါတယ်။ အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးဟာ စစ်အေးကာလ အပါအဝင် ယခင်တုန်းကထက် ယခုအချိန်မှာ ပိုဆိုးသွားပြီလို့လည်း ထရန့်က Twitter မှာ ပြောထားပါတယ်။

play
ထရန့်ရဲ့ Twitter မှာ ရေးသားထားမှု


ထရန့်က ဆီးရီးယားကိစ္စ အာရုံစိုက်ရန်အတွက် ၎င်းရဲ့ ပထမဆုံး လက်တင်အမေရိက ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ရုရှားအစိုးရ ထိပ်တန်း အကြီးအကဲတွေကလည်း အမေရိကန်က ဆီးရီးယားမှာ ဒုံးကျည်ဖြင့်တိုက်ခိုက်ပါက တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အပြင်ဘက် အရှေ့ဂူတားဒေသရှီ သူပုန်များထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန်မြို့ ဒူမာကို စနေနေ့ (ဧပြီ ၇ ရက်) မှာ ဓာတုလက်နက်သုံးခဲ့ကြောင်း သံသယဖြစ်ဖွယ် တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အကူအညီပေးရေး သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

play
ဆီးရီးယားသမ္မတ အာဆတ်နှင့် ရုရှားသမ္မတ ပူတင်


ဆီးရီးယားမှာ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းကလည်း သူပုန်များထိန်းချုပ်ထားတဲ့ ခန်းရှိတ်ခ်ဟွန်း (Khan Sheikhoun) မြို့ကို ဆာရင် (Sarin) အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ကုလသမဂ္ဂနဲ့ ဓာတုလက်နက်တားမြစ်ပိတ်ပင်ရေး အဖွဲ့အစည်းက ပူးပေါင်းစစ်ဆေးခဲ့ရာ ဆီးရီးယားအစိုးရမှာ တာဝန်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ထိုစဉ်က ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်အရေးယူမှုအဖြစ် သမ္မတထရန့်က ဆီးရီးယား လေတပ်အခြေစိုက်စခန်းတစ်ခုကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

- ဆီးရီးယားမှာ ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ ဒေါ်နယ်ထရန့် ပြောကြား

ဆီးရီးယားမှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ထရန့် သတိပေး

ဆီးရီးယားမှာ သူပုန်ထိန်းချုပ်ရာမြို့ကို ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးဟုဆို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD