သြစတြေးလျနိုင်ငံ ကမ်းခြေတစ်ခုမှာ အကောင်ရေ ၁၅၀ ခန့်ရှိ ဝေလငါးအုပ်စု သောင်တင်လာခဲ့ပြီး ၎င်းတို့အနက် ၁၃၅ ကောင်ထက်မနည်း သေဆုံးနေခဲ့ကြောင်း သိရပါတယ်။
သြစတြေးလျကမ်းခြေမှာ ယနေ့ (မတ်လ ၂၃ ရက်) သောင်တင်လာတဲ့ ဝေလငါးအုပ်စုမှ အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကို ပင်လယ်ရေထဲကို ပြန်လည်ပို့ဆောင်နိုင်ရန် ကယ်ဆယ်ရေးသမားတွေက ကြိုးပမ်းနေပါတယ်။
ဆူးတောင်တို ရေလမ်းကြောင်းပြ ဝေလငါးအုပ်စုဟာ ပါ့ခ်မြို့တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ဟမ်မီလင်ပင်လယ်အော် (Hamelin Bay) မှာ သောင်တင်နေတာကို တံငါသည်တစ်ဦးက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
"ဝေလငါးအားလုံးနီးပါးက ကမ်းခြေမှာသောင်တင်ခဲ့ပြီး ညလုံးပေါက် ရေနဲ့ကင်းကွာနေခဲ့တာကြောင့် အသက်မရှင်ခဲ့ကြပါဘူး" လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက် လိုအပ်တဲ့ အကူအညီနဲ့ ပစ္စည်းကိရိယာတွေရရှိရန် စောင့်ဆိုင်းနေကြောင်းလည်း ၎င်းက ဆိုပါတယ်။
အသက်ရှင်နေသေးတဲ့ ဝေလငါးတွေရဲ့ ခံနိုင်ရည်ရှိမှုနဲ့ လေတိုက်နှုန်းနဲ့ ရာသီဥတုစိုစွတ်မှု အခြေအနေကိုမူတည်ပြီး ၎င်းတို့ကို ပင်လယ်ထဲသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မယ်လို့ သိရပါတယ်။
"အဓိက ဂရုစိုက်ရမှာကတော့ ကယ်ဆယ်ရေးသမားတွေနဲ့ လုပ်အားပေးသူတွေ အန္တရာယ်ကင်းဖို့နဲ့ ဝေလငါးတွေ အသက်ရှင်နိုင်ဖို့ပါပဲ" လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူ ဂျယ်ရမီချစ်ခ်က ပြောပါတယ်။
ဝေလငါးတွေ သောင်တင်နေခဲ့တဲ့ ဟမ်မီလင်ပင်လယ်အော်ဟာ ငါးမန်းအန္တရာယ်ထုတ်ပြန်ထားတဲ့ ဧရိယာထဲမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ပင်လယ်အော်နေရာကို ၁၈၁၀ ခုနှစ်မှာ ပြင်သစ်လူမျိုး စူးစမ်းလေ့လာသူ ဂျက်ကေးဖီလစ် အီမန်နျူရယ် ဟမ်မီလင်က ပင်လယ်ပြင်ဖြတ်ပြီး ရွက်လွှင့်ခဲ့စဉ် တွေ့ရှိခဲ့ရာက ၎င်းရဲ့အမည် သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။
သြစတြေးလျကမ်းခြေမှာ သောင်တင်ခဲ့တဲ့ ဆူးတောင်တို ရေလမ်းကြောင်းပြ ဝေလငါးတွေဟာ အပူပိုင်းနဲ့ အပူလျော့နည်းတဲ့ ပယ်လယ်ရေမှာ နေထိုင်ကျက်စားလေ့ရှိပြီး မကြာခဏ အကောင်ရေ ရာနဲ့ချီကာ အုပ်စုလိုက်တွေ့ရပြီး ကမ်းခြေမှာ အစုလိုက် အပြုံလိုက် သောင်တင်လေ့ရှိကြောင်း သိရပါတယ်။
ဝေလငါးများ အစုလိုက် အပြုံလိုက် သောင်တင်နေမှုတွေရဲ့ အကြောင်းရင်းကို လက်ရှိအချိန်ထိ မသိနိုင်သေးပါဘူး။ အယူအဆ အများအပြားရဲ့ အဆိုအရ ကမ်းရိုးတန်းပုံစံ၊ အခြားဝေလငါးတွေထံမှ အချက်ပေးခေါ်ဆိုမှု သို့မဟုတ် အုပ်စုကိုဦးဆောင်တဲ့ ဝေလငါးခေါင်းဆောင်က ကမ်းခြေကိုဦးတည်သွားရာနောက်သို့ လိုက်ပါမှုတို့ကြောင့် ဖြစ်နိုင်ကြောင်း သိရပါတယ်။
သြစတြေလျးမှာ ဝေလငါးများ အများဆုံး အစုအပြုံလိုက် သောင်တင်ခဲ့မှုမှာ ၁၉၉၆ ခုနှစ်အတွင်း ဒန်စ်ဘိုရတ်မြို့ ကမ်းရိုးတန်းမှာ ဆူးတောင်ရှည် ဝေလငါး အကောင်ရေ ၃၂၀ သောင်တင်ခဲ့ပြီး အကောင် ၂၀ သာ အသက်ရှင်ခဲ့ပါတယ်။