AD
AD
AD

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ တိရစ္ဆာန်တွေကနေ လူကိုကူးစက်နိုင်တဲ့ နစ်ပါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆရာဝန်တွေက ပြောပါတယ်။ နစ်ပါဗိုင်းရပ်စ် (Nipah Virus - NiV) ကူးစက်ခံထားရတဲ့ အခြား လူနှစ်ဦးမှာလည်း အပြင်းအထန် ဖျားနာနေကြောင်း သိရပါတယ်။

play
ဆေးဘက်ဝန်ထမ်းများနဲ့ ဒေသခံများ


အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေရှိလာခဲ့ပြီးနောက် လူ ၄၀ ခန့်ကိုလည်း ဗိုင်းရပ်စ်သံသယကြောင့် သီးခြားခွဲထားပြီး စောင့်ကြည်နေပါတယ်။ နစ်ပါဗိုင်းရပ်စ်ဟာ ကူးစက်ခံရကြောင်း သိရှိနိုင်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိပါက ကိုယ်ပူချိန်မြင့်တက်ခြင်း၊ အော့အန်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ခံစားရနိုင်ပါတယ်။

နစ်ပါဗိုင်းရပ်စ် ကူးစက်ခံရပါက ၇၀ ရာခိုင်နှုန်း သေဆုံးနိုင်ကြောင်းနဲ့ ကာကွယ်ဆေးမရှိသေးကြောင်းလည်း သိရပါတယ်။ နစ်ပါဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဦးစားပေး ကိုင်တွယ်ဆောင်ရွက်ရမယ့် အဓိက ကူးစက်ပျံ့နှံ့နိုင်တဲ့ ရောဂါ ၁၀ မျိုးစားရင်းမှာလည်း ပါဝင်နေပါတယ်။

play
နစ်ပါဗိုင်းရပ်စ်ကို စစ်ဆေးရန်အတွက် နမူနာရယူစဉ်


ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေရှိခဲ့တဲ့ ကီရာလာပြည်နယ် Kozhikode မြို့မှာ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အရေးပေါ်ဆောင်ရွက်ကြရန် အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။ နစ်ပါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သံသယရှိသူတွေရဲ့ သွေးနဲ့ ခန္ဓာကိုယ်တွင်းအရည် နမူနာ ၆၀ ခန့်ကို အိန္ဒိယအနောက်ပိုင်း Pune မြို့ရှိ National Institute of Virology သို့ ပို့ဆောင်ထားပြီး အတည်ပြုနိုင်ရန် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

play
သူနာပြု Puthussery


နစ်ပါဗိုင်းရပ်စ်ကြောင့် သေဆုံးခဲသူတွေအနက် မိသားစုတစ်ခုတည်းမှ သုံးဦးပါဝင်ခဲ့ပြီး ၎င်းတို့ကို ပြုစုပေးခဲ့တဲ့ သူနာပြုတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ နစ်ပါဗိုင်းရပ်စ်ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ပြုစုပေးရင် သေဆုံးသွားခဲ့တဲ့ သူနာပြုကို အာဏာပိုင်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ချီးကျူုးဂုဏ်ပြုနေကြကြောင်းလည်း သိရပါတယ်။

ကီရာလာပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan က လူနာတွေကို ပြုစုကုသရင်း သေဆုံးခဲ့တဲ့ သူနာပြု Puthussery ရဲ့ ကိုယ်ကျိုးစွန့်မှုကို အမှတ်ရနေမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ကီရာလာပြည်နယ်မှာ သစ်သီးစားတဲ့ လင်းနို့တွေဟာ နစ်ပါဗိုင်းရပ်စ်ဗိုင်းရပ်စ်ကို အဓိက သယ်ဆောင်ထားတယ်လို့ ယူဆရပါတယ်။

play
သစ်သီးစားလင်းနို့များ


ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အဆိုအရ လူသေဆုံးမှုဖြစ်ခဲ့တဲ့ မိသားစုနေအိမ်ရဲ့ ရေတွင်းမှာ သေဆုံးနေတဲ့ လင်းနို့တွေကို တွေ့ခဲ့ရကြောင်း သိရပါတယ်။ ကီရာလာပြည်နယ် Kozhikode ရှိ အဆိုပါရေတွင်းကို အာဏာပိုင်တွေက ပိုက်ကွန်ဖြင့်ဖုံးအုပ် ပိတ်ပင်ထားပါတယ်။

ကီရာလာပြည်နယ်ရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ဆေးကုသရေး ယာယီစခန်းများနဲ့ သီခြားခွဲထားရန် အခန်းများ ပြင်ဆင်ထားပြီး အသင့်ရှိနေစေရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံ အားလုံးက နစ်ပါဗိုင်းရပ်စ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း Kozhikode မှ အစိုးရတာဝန်ရှိသူက ပြောခဲ့ပါတယ်။

play
လင်းနို့အသေများတွေ့ရသည့် ရေတွင်းကို ဖုံးအုပ်ပိတ်ပင်နေစဉ်


နစ်ပါဗိုင်းရပ်စ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အိန္ဒိယမှာ ၂၀၀၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ရပြီး ခြောက်နှစ်အကြာမှာ နောက်တစ်ကြိမ်တွေ့ခဲ့ရဖူးပါတယ်။ ထိုနှစ်ကြိမ်အတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၅၀ ခန့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နစ်ပါဗိုင်းရပ်စ် (Nipah Virus - NiV)

- နစ်ပါဗိုင်းရပ်စ်ကူးစက်ဟာ အသစ်တွေ့ရှိခဲ့ရပြီး ရှားပါးတဲ့ရောဂါဖြစ်ကာ တိရိစ္ဆာန်များကနေ လူကိုကူးစက်နိုင်ပါတယ်။ အဓိကအားဖြင့် သစ်သီးစား လင်းနို့တွေမှာ ထိုဗိုင်းရပ်စ်ရှိနေပါတယ်။

- ၁၉၉၉ ခုနှစ်မှာ နစ်ပါဗိုင်းရပ်စ်ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ပါတယ်။ ထိုစဉ်က ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဝက်တွေနဲ့ထိတွေ့ခဲ့ကြတဲ့ မလေးရှားနဲ့ စင်ကာပူရှိ လူများမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ခဲ့ရပါတယ်။

play
နစ်ပါဗိုင်းရပ်စ် (Nipah Virus - NiV)


- လူ ၃၀၀ နီးပါးမှာ နစ်ပါဗိုင်းရပ်စ်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန်အတွက် ဝက်အကောင်ရေ တစ်သန်းကျော်ကို သုတ်သင်ခဲ့ရပြီး မလေးရှားအတွက် ကြီးမားတဲ့ ကုန်သွယ်ရေးနစ်နာဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။

- ကျန်မာရေးမကောင်းဖြစ်နေတဲ့ ဝက်တွေနဲ့ထိတွေ့ခြင်းမပြုရန်၊ လင်းနို့တွေနဲ့ထိတွေ့ခြင်းမပြုရန်နဲ့ ချက်လုပ်ထားခြင်းမရှိတဲ့ ထန်းရည်မသောက်ခြင်းဖြင့် နစ်ပါဗိုင်းရပ်စ်ကူးစက်မှုကို ရှောင်ရှားနိုင်ပါတယ်။

- နစ်ပါဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏများမှာ ကိုယ်ပူချိန်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတို့ ခံစားရနိုင်ပါတယ်။ ထိုလက္ခဏာများ ခံစားရမှုကနေ ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့မြောသွားနိုင်ပါတယ်။

- လူများနဲ့ တိရိစ္ဆာန်များအတွက် နစ်ပါဗိုင်းရပ်စ်ကာကွယ်ဆး မရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD