AD
AD
AD

တောင်ကိုရီးယားနိုင်ငံမှာ ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်းပတ်ဂွမ်ဟေးကို လာဘ်ပေးမှုဖြင့် ထောက်လှမ်းရေးဌာနမှ အကြီးအကဲဟောင်းသုံးဦးကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်းသိရပါတယ်။

play
NIS အကြီးအကဲဟောင်း လီဗြောင်ကီး


ယနေ့ (ဇွန်လ ၁၅ ရက်) ထောင်ဒဏ်ချမှတ်ခံရသူ သုံးဦးဟာ တောင်ကိုရီးယားထောက်လှမ်းရေးဌာနမှ ဒေါ်လာသန်းနဲ့ချီယူခဲ့ပြီး သမ္မတဟောင်းပတ်ဂွမ်ဟေးကို လာဘ်ငွေအဖြစ် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့သုံးဦးဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ တောင်ကိုရီးယား ထောက်လှမ်းရေးဌာန (National Intelligence Service - NIS) ရဲ့ အကြီးအကဲတွေအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း ပတ်ဂွမ်ဟေးကို ကိုရီးယားဝမ်ငွေ ၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၂ သန်း) လာဘ်ငွေပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

play
NIS အကြီးအကဲဟောင်း လီဗြောင်ဟို


"NIS ရဲ့ အထူးလုပ်ငန်းရန်ပုံငွေတွေကို ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းရာမှာသာ အသုံးပြုသင့်ပါတယ်" လို့ ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ NIS အကြီးအကဲဟောင်းသုံးဦးအနက် လီဗြောင်ကီးနဲ့ လီဗြောင်ဟိုတို့ကို ထောင်ဒဏ်သုံးနှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရပါတယ်။

အခြား NIS အကြီးအကဲဟောင်း နမ်ဂျေဂျွန်းကိုတော့ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ပါတယ်။ နမ်ဂျေဂျွန်းဟာ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲကို NIS က ဝင်ရောက်စွက်ဖက်မှုအား စုံစမ်းရေးမှူးတွေက စစ်ဆေးရာမှာ နှောင့်ယှက်မှုဖြင့် ပြီးခဲ့တဲ့ မေလအတွင်း ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံထားပြီး လက်ရှိမှာ ထောင်ကျခံနေရသူလည်း ဖြစ်ပါတယ်။

play
NIS အကြီးအကဲဟောင်း နမ်ဂျေဂျွန်း


ယနေ့ တရားခွင်မှာ အစိုးရရှေ့နေတွေက သမ္မတဟောင်းပတ်ဂွမ်ဟေးကိုလည်း NIS ရန်ပုံငွေတွေကို လာဘ်ငွေအဖြစ် လက်ခံရယူမှုဖြင့် နောက်ထပ် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ရန် တင်ပြခဲ့ကြကြောင်း သိရပါတယ်။ လက်ရှိမှာ ပတ်ဂွမ်ဟေးဟာ ဒေါ်လာသန်းနဲ့ချီတဲ့ လာဘ်ငွေရယူမှုနဲ့ အာဏာအလွဲသုံးမှုတို့ဖြင့် ထောင်ဒဏ် ၂၄ နှစ် ကျခံနေရပါတယ်

play
သမ္မတဟောင်းပတ်ဂွမ်ဟေးဟာ ထောင်ဒဏ် ၂၄ နှစ် ကျခံနေရပါတယ်


တောင်ကိုရီးယားမှာ သမ္မတဟောင်းပတ်ဂွမ်ဟေး ပါဝင်ပတ်သက်ခဲ့တဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် ပြည်သူလူထုသန်းနဲ့ချီ ပါဝင်ကြတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သလို နိုင်ငံသမိုင်းတစ်လျှောက်မှာ သမ္မတရာထူးကနေ ဖိအားပေးဖယ်ရှားခံရတဲ့ ပထမဆုံးသမ္မတလည်း ဖြစ်ခဲ့ပါတယ်။

play
တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး


အသက် ၆၆ နှစ်အရွယ် ပတ်ဂွမ်ဟေးက သူမအပေါ် စွဲချက်တွေကို မည်သည့်အမှားမျှ လုပ်ဆောင်ထားခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားခဲ့ပြီး အမိန့်ချမှတ်စဉ်က တရားရုံးသို့ လာရောက်ခဲ့ခြင်း မရှိပါဘူး။ တရားသူကြီးက ပတ်ဂွမ်ဟေးဟာ နောင်တရပုံမရှိကြောင်းနဲ့ ချိုဆွန်ဆေးလ်နဲ့ သူမရဲ့ လက်ထောက်အရာရှိများအပေါ် အပြစ်ပုံချရန် ကြိုးပမ်းခဲ့ကြောင်း ပြောပါတယ်။

play
သမ္မတဟောင်းပတ်ဂွမ်ဟေးရဲ့ သူငယ်ချင်း ချိုဆွန်ဆေးလ်


အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့တဲ့ ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယားကို ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆန်သူ ပတ်ချွန်ဟီးရဲ့ သမီးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD