AD
AD
AD

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံမှ အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံပွဲကို လာမယ့် ဧပြီလ ၂၇ ရက် (သောကြာနေ့) မှာ ကျင်းပပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

play
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးစဉ်


အဆင့်မြင့်ကိုယ်စားလှယ်များ နယ်စပ်ဒေသရှိ Panmunjom ကျေးရွာမှာ ယမန်နေ့ (မတ်လ ၂၈ ရက်) က ဆွေးနွေးသဘောတူညီခဲ့ကြပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံပွဲ ကျင်းပမယ့်ရက်ကို အတည်ပြုကြေညာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တရုတ်နိုင်ငံကိုသွားရောက်ကာ သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ကြောင်း အတည်ပြု သတင်းထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်မှာ တောင်နဲ့မြောက် နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံပွဲရက်ကို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

play
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း


ဘေဂျင်းမြို့မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ရာမှာ ကင်မ်ဂျုံအန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေး လုပ်ဆောင်သွားမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားသံတမန်အဖွဲ့နဲ့ ပြုံယမ်းမှာတွေ့ဆုံစဉ်ကလည်း ထိုသို့ ပြောကြားထားခဲ့ကြောင်း သိရပါတယ်။

ကင်မ်ဂျုံအန်က မြောက်ကိုရီးယားအနိုင်ငံအပေါ် အကောင်းမြင်ပြီး လုံခြုံရေးအာမခံချက်ရှိပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက နျူကလီးယားအစီအစဉ်တွေကို ရပ်ဆိုင်းသွားမယ်လို့ ပြောထားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်းလည်း တောင်ကိုရီးယားသံတမန်အဖွဲ့မှတစ်ဆင့် ကမ်းလှမ်းခဲ့ရာ ထရန့်ကလည်း လက်ခံထားပြီး အစောဆုံးအဖြစ် မေလအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


အမေရိကန်သမ္မတထရန့်က တရုတ်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဘေဂျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့မှုကိုလည်း ကြိုဆိုလိုက်ပါတယ်။ သို့သော် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိအုံးမယ်လို့ ထရန့်က ပြောပါတယ်။

ယနေ့ထုတ်ပြန်လိုက်တဲ့ ပူးတွဲထုတ်ပြန်ချက်အရ ကိုရီးယားနှစ်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များပါဝင်တဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးကို လာမယ့် ဧပြီလ ၄ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ထိပ်သီးတွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုဆိုင်ရာဝန်ထမ်းကိစ္စ၊ လုံခြုံရေးနဲ့ သတင်းထုတ်ပြန်ရေးကဲ့သို့ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတရှီကျင်းပင် တွေ့ဆုံစဉ်


ဧပြီလ ၂၇ ရက်မှာ ထိပ်သီးတွေ့ဆုံပွဲဟာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ တတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်းတို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ ပြည့်နှစ်မှာ စစ်ပွဲဖြစ်ပွားခဲ့ကြပြီး ၁၉၅၃ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စစ်ပွဲအဆုံးသတ်ခဲ့ပါတယ်။ သို့သော် ကိုရီးယားနှစ်နိုင်ငံဟာ ယခုအချိန်အထိ ငြိမ်းချမ်းရေးသဘောတူညစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

play


နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုတွေ မကြာခဏ မြင့်တက်ခဲ့ကြပေမဲ့  တောင်ကိုရီးယားနိုင်ငံ Pyeongchang မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေးတိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲကို ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားကိုလည်း မြောက်ကိုရီးယားက နိုင်ငံရဲ့ ရာထူးအမြင့်ဆုံးသူတစ်ဦးဖြစ်တဲ့ ထေက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ကင်မ်ယောင်ချိုလ် တက်ရောက်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD