AD
AD
AD

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံက လာမယ့် သီတင်းပတ်အတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ချိန်မှာ နှစ်နိုင်ငံကြား စစ်ပွဲပြီးဆုံးကြောင်း တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

play
ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲ သတင်းထုတ်လွှင့်နေမှု


တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ စစ်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အပစ်အခတ်ရပ်စဲမှုစာချုပ်သာ ချုပ်ဆိုထားသေးပြီး စစ်ပွဲအဆုံးသတ်တဲ့ တရားဝင် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးဘဲ စစ်ပွဲကာလအတွင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ စစ်ပွဲကို အပြီးတိုင် အဆုံးသတ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာနိုင်ရန် ဆွေးနွေးနေခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ အမည်မဖော်ပြတဲ့ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာတွေက ပြောပါတယ်။

play
မွန်ဂျေအင်းနှင့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဧပြီ ၂၇ ရက်မှာ တောင်ကိုရီးယားပိုင်နက်အတွင်း ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။ ကင်မ်ဂျုံအန်ဟာ ၁၉၅၀ ပြည့်လွန် နှစ်များနောက်ပိုင်း တောင်ကိုရီးယားမြေပေါ်ကို ခြေချလာမယ့် ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်လည်း ဖြစ်လာမယ်လို့ သိရပါတယ်။

ယခင် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်းတို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ဖူးပေမဲ့ ထိုစဉ်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံစဉ်


တောင်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြထားမှုအရ ကိုရီးယားနှစ်နိုင်ငံက နယ်စပ်ဒေသရှိ စစ်မဲ့ဇုန်မှာ ဖြန့်ကျက်ချထားတဲ့ ၎င်းတို့ရဲ့ တပ်ဖွဲ့အချို့ကို ရုပ်သိမ်းသွားရန်လည်း ဆွေးနွေးဖွယ်ရှိကြောင်း သိရပါတယ်။ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ကြား တယ်လီဖုန်းဆက်သွယ်မှုကိုလည်း ဧပြီ ၂၀ ရက်မှာ စတင်နိုင်မယ်လို့ ဆိုပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတရှီကျင်းပင် တွေ့ဆုံစဉ်


တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံဟာ တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲသို့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေး တင်းမာမှုလျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။

play


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုအန်က ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံသို့သွားရောက်ခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က မေလ သို့မဟုတ် ဇွန်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD