AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တရုတ်နိုင်ငံကိုသွားရောက်ခဲ့ကြောင်း Bloomberg သတင်းဌာနက အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်သုံးခုကို ကိုကားပြီး ဖော်ပြခဲ့ပါတယ်။

play
မတ်လ ၂၆ ရက်မှာ ဘေဂျင်းမြို့အတွင်း လုံခြုံရေးချထားမှုကို တွေ့ရစဉ်


ယခုခရီးစဉ်ဟာ ၂၀၁၁ ခုနှစ် အာဏာရလာပြီးနောက် ကင်မ်ဂျုံအန်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီမှာ တရုတ်ကိုသွားရောက်မှုလည်း ဖြစ်လာပါတယ်။

ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ၎င်းရဲ့ ရည်ရွယ်ချက်အပါအဝင် အသေးစိတ် အချက်အလက်တွေကို မသိနိုင်သေးကြောင်း Bloomberg က ပြောပါတယ်။ ဂျပန်မီဒီယာတွေကလည်း တနင်္လာနေ့ (မတ်လ ၂၆ ရက်) အစောပိုင်းမှာ မြောက်ကိုရီးယားမှာ အဆင့်မြင့် အစိုးရတာဝန်ရှိသူတွေဟာ ဘေဂျင်းမြို့ကို အထူးရထားဖြင့် ရောက်ရှိလာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယား သံတမန်အဖွဲ့ တွေ့ဆုံခဲ့စဉ်


ကျိုဒိုသတင်းဌာနက မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေ တရုတ်ကိုလာရောက်ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ဖြစ်တယ်လို့ ဆိုပါတယ်။

အနီးကပ်မဟာမိတ်တွေ ဖြစ်ကြတဲ့ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ ကင်မ်ဂျုံအန်အစိုးရက နျူကလီးယားလက်နက် အကောင်အထည်ဖော်ရေး အစဉ်တစိုက် လုပ်ဆောင်နေမှုနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမိုတင်းကျပ်တဲ့ အရေးယူပိတ်ဆိုမှုများ ချမှတ်ရာမှာ တရုတ်အစိုးရက ထောက်ခံခဲ့မှုတို့ကြောင့် ဆက်ဆံရေး ကတောက်ကဆ ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်သွားရောက်မှုကို အတည်မပြုနိုင်သေးကြောင်း Reuters သတင်းဌာနက ပြောပါတယ်။ Nippon TV က ပိုင်ဆိုင်တဲ့ Nippon News Network သတင်းက တွဲ ၁၂ တွဲပါ အထူးရထားတစ်စင်းရဲ့ အဝါရောင်လိုင်းများပါ အစိမ်းရောင် ရထားတွဲကို ဖော်ပြခဲ့ပါတယ်။

play
Nippon News Network က သတင်းမှာ ဖော်ပြခဲ့သည့် ရထားတွဲ


ထိုရထားတွဲဟာ ၂၀၁၁ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ် ဘေဂျင်းကိုလာရောက်ခဲ့စဉ်က စီးနင်းခဲ့တဲ့ ရထားတွဲပုံစံတူ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကို ကင်မ်ဂျုံအန် လာရောက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချောင်ရင် (Hua Chunying) ကတော့ မသိရှိကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ Reuters သတင်းဌာနက ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယားသံရုံးကို မတ်လ ၂၆ ရက် ညနေပိုင်းမှာ ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဖုန်းကိုင်သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တရုတ်နိုင်ငံကို အမှန်တစ်ကယ် လာရောက်ခဲ့ခြင်းရှိ မရှိ အတိအကျ မသိနိုင်ပေမဲ့ မြောက်ကိုရီးယားမှ ထိပ်တန်း အစိုးရတာဝန်ရှိသူများ တရုတ်နိုင်ငံကို ရောက်ရှိနေတယ်လို့ သတင်းတွေက ပြောပါတယ်။

play
ကင်မ်ဂျုံအီလ်နှင့် ဟူကျင်တောင်တို့ ဘေဂျင်းမှာ တွေ့ဆုံခဲ့စဉ်


ဂျပန်သတင်းဌာန ကျိုဒိုက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့မှုအရ မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေကို တင်ဆောင်လာပုံရတဲ့ ရထားတစ်စင်းဟာ တရုတ်နယ်စပ်မြို့ Dandong ကနေ ဖြတ်သွားခဲ့ကြောင်း သိရပါတယ်။

Dandong မြို့နဲ့ ဘေဂျင်းမြို့ကြား ရထားလမ်းဟာ မိုင် ၆၈၀ ရှည်လျားပြီး သာမန်ရထားဖြင့် ခုတ်မောင်းပါက အနည်းဆုံး ၁၄ နာရီ ကြာမြင့်ကြောင်း တရုတ်ရထားလမ်း အချိန်ဇယားတွေက ဖော်ပြထားပါတယ်။

Dandong မြို့ ရထားဘူတာရုံ ပတ်ဝန်းကျင်မှာ လုံခြုံရေးထူထပ်စွာချထားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် လိုက်ပါလာတဲ့ အထူးရထား ဖြန်သန်းသွားခဲ့တဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံအချို့က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD